ခိုကိုးရာမဲ့ ဘိုးဘွားစောင့်ရှောက်ရေးကျောင်း မီးလောင်၊ အဘိုးအို ၃ဦး သေဆုံး
2018.03.27

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့မှာ စွန့်ပစ်ခံဘိုးဘွားတွေနဲ့ သက်ကြီးဘိုးဘွားတွေ ကို စောင့်ရှောက်ပေးနေတဲ့ YGW ဆွာ ခိုကိုးရာမဲ့ ဘိုးဘွားစောင့်ရှောက်ရေးကျောင်းမှာ မနေ့က မီးလောင်ကျွမ်း မှု ဖြစ်ပွားခဲ့တာကြောင့် အဘိုးအို ၃ ယောက် သေဆုံးခဲ့ပြီး ၁ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
တောမီးကနေ စလောင်ကျွမ်းတာဖြစ်ပြီး ထရံကာ သက်ကယ်မိုးထားတဲ့ အဘိုး ၁၃ ယောက်ကိုထားတဲ့ အဆောင် တစ်ဆောင်လုံးနဲ့ အခြားအဆောင်တချို့ မီးထဲပါသွားခဲ့တာဖြစ်တယ်လို့ ဘိုးဘွားစောင့်ရှောက်ရေးကျောင်းက ဆရာတော် အရှင်ပညာစက္က က မိန့်ပါတယ်။
"တောမီးကနေ စတယ်ပေါ့၊ လောင်ကျွမ်းလာတဲ့ဟာက ဦးဇင်းတို့ ဘိုးဘွားတွေထားတဲ့နေရာက ယာယီဆောင် ဖြစ်တဲ့အခါကျ ထရံကာ သက်ကယ်မိုးပေါ့၊ လောက်ကျွမ်းတဲ့အချိန်က နေ့ခင်း ၁၂ နာရီ ၄၅၊ နေပူရှိန်တအား ပြင်းတယ်၊ လေတိုက်နှုန်းကလည်း တအားကောင်းတဲ့အခါကျတော့ လောင်စာက လည်းကောင်းတဲ့အချိန်မှာ ဦးဇင်းတို့ ၁၃ ယောက်ထားတဲ့အဆောင်မှာ ၂ ကြိမ်လောက်ပဲ အဆောင်ထဲကို ဝင်ပြီးတော့ ကယ်နိုင်ခဲ့တယ်ပေါ့၊ ၁၀ ယောက်လောက်တော့ ကယ်ထုတ်နိုင်ခဲ့တယ်၊ ဒါပေမဲ့ ၃ ယောက်တော့ စိတ်မကောင်းစွာနဲ့ပဲ ကျန်ခဲ့တယ် ပေါ့၊ တစ်ယောက်ဒဏ်ရာရပါတယ်၊ ဆေးရုံမှာပါ၊ သက်သာပါတယ်၊ အရေပြားကတော့ မီးလောင်ကျွမ်းမှု နည်းနည်းရှိပါတယ်"
အခုလိုကြုံတွေ့ရတာဟာ လောင်ကျွမ်းအားကောင်းတဲ့ ယာယီဆောင်နဲ့ထားလို့ ဖြစ်ရတယ်လို့ ယူဆတာကြောင့် အုတ်သွပ်မိုး အဆောင်လေး ဆောက်လုပ်လိုကြောင်း အကူအညီတွေ လိုအပ်နေကြောင်းလည်း ဆရာတော်က မိန့်ပါတယ်။
အဲဒီဘိုးဘွားကျောင်းအတွက်ဆိုပြီး ဘဏ်အကောင့်တွေ၊ ဖုန်းနံပါတ်တွေနဲ့ အလှူခံတာတွေ အများအပြား ကို တွေ့နေရတာကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ရအောင် အရှင်စန္ဒိမာ မုံကိုး ဆိုတဲ့ လူမှုကွန်ရက် စာမျက်နှာမှာ တရားဝင်ဖော်ပြထားတဲ့ ဘဏ်အကောင့် ၂ ခု နဲ့ ဖုန်းနံပါတ်တွေကိုသာ ဆက်သွယ်နိုင်တယ်လို့ ဆရာတော် အရှင်ပညာစက္က က မိန့်ပါတယ်။
ရိပ်သာတစ်ခုလုံးမှာ စွန့်ပစ်ခံဘိုးဘွားတွေနဲ့ သက်ကြီးဘိုးဘွား စုစုပေါင်း ၃၁ ယောက် နဲ့ အဆောင် ၇ ဆောင် လောက်ရှိတဲ့အထဲက အဘိုးအဆောင်နဲ့ ဝေယျာဝစ္စပစ္စည်းတွေထားတဲ့အဆောင် စုစုပေါင်း ၂ ဆောင် မီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။
မီးလောက်ကျွမ်းသွားတဲ့ အဆောင်မှာနေထိုင်တဲ့ အဘိုး ၁၃ ယောက်ထဲမှာ ၅ ယောက်လောက်က လမ်းကောင်းကောင်း မလျှောက်နိုင်တဲ့သူတွေဖြစ်ပြီး သေဆုံးသွားတဲ့ ၃ ယောက်ကလည်း လေဖြတ်ထား သူတွေ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီရိပ်သာမှာ ဆရာတော် ၅ ပါးနဲ့ ဝေယျာဝစ္စလုပ်ကိုင်သူ ၄ ယောက်လောက်ရှိတာဖြစ်ပြီး မီးလောင်ကျွမ်းမှုဖြစ်တဲ့အချိန်မှာ ခရီးဝေးရောက်နေသူတွေရှိတာကြောင့် အဘိုးတွေကို ကယ်ထုတ်ဖို့ ဆရာတော်တစ်ပါးအပါအဝင် ၃ ယောက်လောက်သာ ရှိနေတဲ့အချိန် ဖြစ်တယ်လို့လည်း မိန့်ပါတယ်။
ဒါ့အပြင် ကျောင်းရဲ့ တည်နေရာဟာ လူနေအိမ်ခြေတွေနဲ့ဝေးတဲ့အပြင် မီးသတ်ကားတွေလာဖို့အတွက်လည်း ကားလမ်းမကနေ ၃ မိုင်လောက်အထဲကို ဝင်ရတာကြာင့် ကြန့်ကြာမှု အနည်းငယ်ရှိခဲ့တယ်လို့ သိရပါတယ်။