ရန်ကုန်မြို့ပြသပိတ် အဖွဲ့ဝင် လူငယ် ငါးဦးထက် မနည်း အဖမ်းခံရ

ရန်ကုန်မြို့ပြသပိတ်မှာ ပါဝင်ခဲ့ကြတဲ့ လူငယ် ငါးဦးထက်မနည်း ဇွန်လ ၁၃ ရက် မနေ့က ညပိုင်းက အဖမ်းခံလိုက်ရတယ်လို့ အဲဒီအဖွဲ့တွေ နဲ့ နီးစပ်တဲ့ ရန်ကုန် သပိတ်ကော်မတီ အဖွဲ့ဝင်တွေက RFA ကို ပြောပါတယ်။
ညပိုင်းအချိန်တွေမှာ နေအိမ်တွေကို ဧည့်စာရင်း အကြောင်းပြ ဝင်ရောက်စစ်ဆေးပြီး အဖမ်းခံရတာလို့ ရန်ကုန် သပိတ်ကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
"ညီမတို့ ကြားတာကတော့ ညဘက်မှာ ဧည့်စာရင်းအကြောင်းပြပြီး ဝင်ဖမ်းတာ ပါတာတော့ များတယ်။ ငါးယောက်ကျော်မယ်။ အဖမ်းခံရတဲ့ ရဲဘော်တွေရဲ့ နာမည်ကတော့ အတိအကျထုတ်ပြောလို့ မရသေးဘူး။ သေချာသိတာက နှစ်ယောက် လောက်ပဲ ရှိသေးတယ်။ တခြားထပ်ပြီးမိတဲ့ ရဲဘော်တွေလည်း အများကြီး ရှိတယ်"
အဖမ်းခံရတဲ့ ရန်ကုန်မြို့ပြသပိတ် ကော်မတီဝင်တွေထဲမှာ ကြည်မြင်တိုင်မြို့နယ်က အဖမ်းခံရတဲ့ သူတွေလည်း ပါဝင်ပြီး ဘယ်မြို့နယ်အခြေစိုက်၊ ဘယ်သပိတ်ကော်မတီ ကလည်း ဆိုတာတွေလည်း အတိအကျ မသိရသေးသလို သူတို့နဲ့ ဆက်စပ်သူတွေပါ ရှောင်တိမ်းပြေးနေရတယ်လို့လည်း ဆိုပါတယ်။
အခုနောက်ပိုင်းမှာ သပိတ်အင်အားစုတွေအနေနဲ့ ရပ်တည်လှုပ်ရှားဖို့ခက်ခဲ့တာ၊ တိုက်ခန်းနဲ့ နေအိမ် ငှားရမ်း နေထိုင်ဖို့ နေရာ ရှားပါးတာအပြင် အိမ်ရှင်တွေကလည်း လူငယ်တွေဆိုရင် မငှားကြတော့တဲ့ အခက်အခဲတွေ ကြုံနေရတယ်လို့ သပိတ်အင်အားစု တွေဘက်က ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ လူငယ်တွေဟာ သပိတ်တွေကို ပုံစံမျိုးစုံနဲ့ ဒီနေ့အထိ ဆက်လက်လှုပ်ရှားနေပြီး စစ်ကောင်စီဘက်ကလည်း မြို့ပြသပိတ်တွေကို ပစ်ခတ်ဖြိုခွင်း ဖမ်းဆီးတာကြောင့် လူသေဆုံးမှုတွေအထိ ရှိခဲ့ပါတယ်။
ဇွန်လ ၁၃ ရက်နေ့ မနေ့ကလည်း ကျူးဘား တော်လှန်ရေး ခေါင်းဆောင် ချေဂွေဗားရားရဲ့ မွေးနေ့ကို အကြောင်းပြုပြီး ရဲဘော်ချေ မွေးနေ့အကြိုဆိုတဲ့ လူငယ်တွေရဲ့ "သပိတ်စုံ သူပုန်ထ"ဆိုတဲ့ စာတန်းနဲ့ ရန်ကုန်မြို့မှာ ဆန္ဒပြ လှုပ်ရှားခဲ့ကြပါတယ်။
ဇွန်လ ၁၂ ရက်နေ့ကတော့ ရန်ကုန်မြို့က ရွှေတိဂုံဘုရား မုခ်ဦးအဝမှာ "တိုင်းပြည် သေဒဏ်သင့်နေသဖြင့် ယနေ့ ဘုရားပိတ်သည်"ဆိုတဲ့ စာတန်း ချိတ်ဆွဲမှုကို ရန်ကုန်လူထုသပိတ်ကနေ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ရပ်အဖြစ် ပြုလုပ်ခဲ့ကြတာပါ။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့စာရင်းအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ ကနေ ၂၀၂၂ ခုနှစ် ဇွန်လ ၁၃ ရက်နေ့အထိ ဖမ်းဆီး ချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၁၁၀၄၃ ဦးရှိပြီး သူတို့ထဲကနေ ၁၁၃၂ ဦး ကတော့ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။