ရန်ကုန်မြို့က သံဃာထု ဆန္ဒပြပွဲ
2012.12.12

သံဃာတော်တွေဟာ "၁၂ ၊ ၁၂ ၊ ၁၂ သံဃာတော်များ အကြမ်းဖက်ခြင်းကို ရပ်တန့်ပေးပါ" ဆိုတဲ့ စာသားပါ လက်ကိုင်ပိုစတာတွေနဲ့ သာသနာ့အလံတော်တွေကို ကိုင်ဆောင်ရင်း အလံပြဘုရားလမ်းတလျှောက် မေတ္တာပို့ရွတ်ဆိုပြီး ဆူးလေစေတီတော်ကို စီတန်းလမ်းလျှောက်ခဲ့ကြပါတယ်။
သံဃာတော်တွေဟာ မွန်းလွဲ ၂ နာရီအချိန်မှာ ရေတာရှည်လမ်းဟောင်းကိုဖြတ်ပြီး ဦးထောင်ဗိုလ်လမ်းကနေ တစ်ဆင့် အလံပြဘုရားလမ်းအတိုင်း စီတန်းလှည့်လည်ဆန္ဒပြတဲ့အခါ လမ်းတလျှောက်မှာရှိတဲ့ ပြည်သူလူထု ရာပေါင်းများစွာကလည်း သံဃာတော်တွေနဲ့အတူ ငြိမ်းငြိမ်းချမ်းချမ်း စီတန်းလမ်းလျှောက်ခဲ့ကြပါတယ်။
ဒီကနေ့ဆန္ဒပြပွဲမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ကလည်း သံဃာတော်တွေရဲ့ ဦးဆောင်မှုအောက်မှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
လမ်းလျှောက်ဆန္ဒပြတဲ့ သံဃာတော်တွေဟာ မွန်းလွဲ ၃ နာရီမှာ ဆူးလေစေတီတော်ကို ရောက်ရှိပြီးနောက် စေတီတော်ကို လက်ယာရစ်လှည့်ပြီး မြို့တော်ခန်းမရှေ့မှာ စုဝေးကာ သံဃာတော်တွေရဲ့ အစိုးရကို တောင်းဆိုထားတဲ့ တောင်းဆိုချက် ၅ ရပ်ကို ဖတ်ကြားခဲ့ပါတယ်။
ရန်ကုန်မြို့မှာ ရာနဲ့ချီတဲ့ သံဃာတော်တွေ ဆန္ဒထုတ်ဖော်ခဲ့တဲ့ တစ်ချိန်တည်းမှာပဲ မန္တလေး ၊ မုံရွာ ၊ ကလေး ၊ စစ်တွေ ၊ ပခုက္ကူ ၊ ချောက် ၊ ပြည်၊ ဝါးခယ်မ ၊ ပုသိမ် ၊ စတဲ့ မြို့ကြီးတွေမှာလည်း သံဃာတော်တွေရဲ့ ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။