ပြန်လွတ်လာသူတွေ ရန်ကုန်မှာ ထပ်မံဆန္ဒပြ
2012.12.13

ဆန္ဒပြသူတွေဟာ မွန်းလွဲ ၃ နာရီအချိန်က ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် ကြေးသွန်းဘုရားကြီးကနေ စတင်ပြီးနောက် ရေတာရှည်လမ်းကနေ အနောက်ရွှေဂုံတိုင်လမ်းအတိုင်း စီတန်းလမ်းလျှောက်ခဲ့ကြပြီး ကိုးထပ်ကြီးဘုရားမှာ အဆုံးသတ်ခဲ့ကြပါတယ်။
လမ်းလျှောက်ဆန္ဒပြရာမှာ တောင်းဆိုတဲ့အချက်တွေနဲ့ ပတ်သတ်ပြီး ဆန္ဒပြသူ နော်အုန်းလှက RFA ကို အခုလိုပြောပြပါတယ်။
"သံဃာတော်တွေ မတရားအကြမ်းဖက်ခံရမှုကို အမြန်ဆုံးဖော်ထုတ်ပေးရေး၊နောက်တစ်ချက်က သံဃာတော်တွေ အကြမ်းဖက်မှုကို အမြန်ဆုံးဝန်ချတောင်းပန်ရေး၊တရုတ်ဝမ်ပေါင်က-မြန်မာကုမ္မဏီ မြန်မာနိုင်ငံက ထွက်ခွာရေးကို ကြွေးကြော်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်"
ဒီကနေ့ ဆန္ဒပြရာမှာ ပါဝင်တဲ့ နော်အုန်းလှနဲ့ ဒေါ်ရှမ်းမတို့ဟာ နိုဝင်ဘာ ၂၆ ရက်နေ့က ရန်ကုန်မြို့လယ်မှာ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းပစ်ရေး ဆန္ဒပြခဲ့ကြတဲ့အတွက် ဖမ်းဆီးတရားစွဲခံရပြီး အင်းစိန် အကျဉ်းထောင်မှာ အကျဉ်းကျခံခဲ့ရသူတွေ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၁ ရက်နေ့ကမှ အာမခံနဲ့ ပြန်လည် လွတ်မြောက်လာကြသူတွေဖြစ်ပြီး ပုဒ်မ ၅၀၅(ခ)နဲ့ ပြင်ပကနေ အမှုရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။