အစိုးရပိုင် မြေယာငှားရမ်းခတွေ ကာလပေါက်ဈေးနဲ့ ကွာခြားနေ


2017.04.25
ygn-parliament-620.jpg ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကို တွေ့ရစဉ်
Photo: Aung Thain Kha/RFA

ပုဂ္ဂလိကကို ငှားရမ်းထားတဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရပိုင် မြေယာတွေရဲ့ ငှားရမ်းခနှုန်းထားဟာ ခေတ် ကာလ ပေါက်ဈေးနဲ့ ကွာခြားနေပြီး တိုင်းပြည်အတွက် ဝင်ငွေနဲ့ အခွန်အခတွေ နစ်နာနေရတယ်လို့ ရန်ကုန် တိုင်းဒေသကြီး လွှတ်တေ်ာကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ပြောပါတယ်။

ဒီကနေ့ ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ ၂၀၁၇ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးရဲ့ အခွန်အခ ဥပဒေ (မူကြမ်း) နဲ့ပတ်သက်ပြီး ဆွေးနွေးရာမှာ ဦးတင်ထွန်းနိုင်က အဲခုလို ထည့်သွင်းဆွေးနွေးခဲ့ တာ ဖြစ်ပါတယ်။

"ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရဲ့ ၂၀၁၆ ခုနှစ်ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို လေ့လာကြည့်တဲ့ အခါမှာ မြေယာနဲ့ ပတ်သက်တဲ့ မြေကွက်ငှားရမ်းခများမှာ ခေတ် ကာလပေါက်ဈေးများနဲ့ အလွန်ကွာဟာနေတာတွေ့ရပါတယ်"

ဒါ့အပြင် ရန်ကုန်တိုင်းအတွင်းက မြေယာငှားရမ်းမှုတွေဟာ ပွင့်လင်းမြင်သာမှုမရှိသလို နှစ်စဉ်တင်ဒါခေါ်ယူတာမျိုး လည်း မတွေ့ရဘူးလို့ ပြောပါတယ်။

ရန်ကုန်မြို့က အိမ်ခြံမြေ တိုက်ခန်းအခွန်အခတွေကို ခေတ်ကာလ ပေါက်ဈေးနဲ့အညီ တိုးမြှင့်ကောက်ခံသင့်တယ် လို့လည်း ဒီကနေ့ အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေက ထည့်သွင်းဆွေးနွေးသွားပါတယ်။

ဒါ့အပြင် အရက်သေစာရောင်းဝယ်မှုအတွက် ကောက်ခံနေတဲ့ အခွန်တွေကို အခွန်တိုးမြှင့်ကောက်ခံဖို့၊ မော်တော် ကားဘီးခွန်တွေကို တိုးမြှင့်ကောက်ခံပြီး တစ်စိတ်တစ်ပိုင်းကို ယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေး အတွက်အသုံးပြုဖို့ စတာတွေကိုလည်း လွှတ်တော်ကိုယ်စားလှယ်တွေက ဒီကနေ့ အစည်းအဝေးမှာ ဆွေးနွေး တင်ပြခဲ့ကြပါတယ်။

၂၀၁၇ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးရဲ့ အခွန်အခ ဥပဒေ (မူကြမ်း)အပေါ် လွှတ်တော်ကိုယ်စားလှယ်တွေ ရဲ့ ဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့က လာမယ့် ဧပြီလ ၂၈ ရက်နေ့ ကျင်းပမယ့် လွှတ်တော်အစည်းအဝေးမှာ ပြန်လည်ရှင်းလင်းပြီး လွှတ်တော်မှာ အတည်ပြုမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။