ရန်ကုန် ရင်းနှီးမြှုပ်နှံမှုဖိုရမ် အကြိုသတင်းစာရှင်းလင်းပွဲ
2018.05.02

လာမယ့် မေလ ၉ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်ကျင်းပမယ့် ၂၀၁၈ ရန်ကုန် ရင်းနှီးမြှုပ်နှံမှုဖိုရမ် Yangon Investment Forum 2018 မှာ မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှု စီမံကိန်း အချက်အလက်တွေကို ဝန်ကြီးချုပ် က ရှင်းလင်းတင်ပြသွားမယ်လို့ တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး က ဒီနေ့ ပြောပါတယ်။
ဒီကနေ့ ရန်ကုန်မြို့က CBC Ballroom မှာ ပြုလုပ်တဲ့ ရန်ကုန် ရင်းနှီးမြှုပ်နှံမှုဖိုရမ်အတွက် အကြိုသတင်းစာ ရှင်းလင်းပွဲ မှာ တိုင်းဒေသကြီး ဝန်ကြီး ဦးမြင့်သောင်းက ပြောတာဖြစ်ပါတယ်။
"ရန်ကုန်မြို့မြောက်ဘက်မှာ ဘယ်လိုမြို့ပြဖွံ့ဖြိုးမှုတွေရှိတယ်၊ ရန်ကုန်မြို့တောင်ဘက်မှာ ဘယ်လိုမြို့ပြ ဖွံ့ဖြိုးမှုတွေရှိတယ်၊ ဒါမျိုးတွေကို အားလုံးပဲရင်းနှီးမြှုပ်နံှသူတွေ သိသွားအောင် အချိန်ယူပြီးတော့ ဝန်ကြီးချုပ် ကိုယ်တိုင်ရှင်းပြမယ်လို့ ပြောထားပါတယ်"
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ YRIC နဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာနက DICA တို့က ဦးဆောင်ပြီး မေလ ၉ ရက်နေ့မှာ ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ဖိုရမ်ကျင်းပမှာဖြစ်ကာ ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံသူ ရာနဲ့ချီ တက်ရောက်မှာဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအသစ်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု အခြေခံမူဘောင်၊ အခွန်ဆိုင်ရာ အချက်အလက်တွေအပြင် ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ လက်ရှိစီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကောင်းတွေကို ကျွမ်းကျင်ပညာရှင်တွေ ပါဝင်တဲ့အဖွဲ့နဲ့ ရှင်းလင်းဆွေးနွေးမယ်လို့ဆိုပါတယ်။