မြန်မာသံတော်ဆင့် သတင်းထောက် ထောင် နှစ်နှစ် ချမှတ်ခံရ

2022.03.23
မြန်မာသံတော်ဆင့် သတင်းထောက် ထောင် နှစ်နှစ် ချမှတ်ခံရ မြန်မာသံတော်ဆင့် သတင်းထောက် ကိုရဲရင့်ထွန်းကို တွေ့ရစဉ်
Photo: CJ

ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်ထဲမှာ အဖမ်းခံထားရတဲ့ မြန်မာသံတော်ဆင့် သတင်းထောက် ကိုရဲရင့်ထွန်းကို မတ်လ ၂၃ ရက် ဒီနေ့ ထောင်တွင်းတရားရုံးကနေ အမှုနှစ်ခုနဲ့ စွပ်စွဲပြီး ထောင်ဒဏ် နှစ်နှစ် အမိန့်ချလိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

ကိုရဲရင့်ထွန်းကို စစ်ကောင်စီဘက်က ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က)၊ ပုဒ်မ ၅၀၅ (ခ) တို့နဲ့ စွပ်စွဲအမိန့်ချလိုက်တာလို့ မိသားစုနဲ့ နီးစပ်သူက RFA ကို ပြောပါတယ်။

"အဓိက တရားစွဲတာက သူတင်ထားတဲ့ သတင်းကို Screenshot နဲ့ စွဲတာပေါ့။ ဒါပေမဲ့ တကယ့် တကယ် CID က စစ်တော့ မရှိတော့ဘူး။ ဟိုဘက်က တရားလိုသက်သေက သူ့ဖုန်းမှာ ဘာမှမတွေ့ဘူးလို့ သက်သေထွက်သွားတယ်။ အဲဒီကနေ ဘယ်လိုအမိန့်ချ လိုက်လဲ မသိဘူး"

အသက် ၄၀ အရွယ် ကိုရဲရင့်ထွန်းဟာ ကျောက်ကပ်ရောဂါ ဝေဒနာ ခံစားနေရသူဖြစ်သလို လက်ရှိမှာ ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်လို့ ပြောပါတယ်။

ကိုရဲရင့်ထွန်းဟာ ပုသိမ်မြို့က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ သတင်း ဓာတ်ပုံ ရိုက်ကူးခဲ့ရင်း ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၂၈ ရက်က ပုသိမ်မြို့၊ ကျောက်ငူရပ်ကွက်မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာခံခဲ့ရပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ နှစ်ရက်အတွင်းကလည်း ကမာရွတ်မီဒီယာက အယ်ဒီတာ ဦးဟံသာညိန်းနဲ့ မဇ္ဈိမသတင်းဌာနက အယ်ဒီတာ ကိုသန်းထိုက်အောင်တို့ကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) နဲ့ စွပ်စွဲပြီး ထောင်ဒဏ် နှစ်နှစ်စီ အမိန့်ချမှတ်ထားပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းပြီး ၁၃ လ အတွင်း သတင်း သမား တစ်ရာကျော် အဖမ်းခံခဲ့ရပြီး သတင်းသမား လေးဆယ်ကျော်ကို ဆက်လက်ဖမ်းဆီး ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။