ကျောက်မျက်ရန်ပုံငွေ တိုင်ကြားမှု နိုင်ငံရေးနောက်ခံကို ဝန်ကြီးဟောင်း မေးခွန်းထုတ်
2016.06.02

ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းရဲ့ ရန်ပုံငွေ ယူရို သန်း ၈၀ ကျော်ပျောက်ဆုံးမှုကို အစိုးရထံ မတိုင်ဘဲ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကနေ ထုတ်ပယ်ခံထားရသူ အများစုပါဝင်တဲ့ သူရဦးရွှေမန်း ဦးဆောင်တဲ့ ကော်မရှင်ကို တိုင်ကြားတာဟာ အသင်းကိစ္စထက် ပိုလေးနက်တဲ့ နိုင်ငံရေးအကြောင်းခံတွေ ရှိနိုင်မလားလို့ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်က မေးခွန်းထုတ်လိုက်ပါတယ်။
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်က ကျောက်မျက်သင်တန်းကျောင်းမှာ ဒီကနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲကို ဝန်ကြီးဟောင်း ဦးရဲထွဋ်လည်း တက်ရောက်ခဲ့တာဖြစ်ပြီး ရှင်းလင်းပွဲအပြီးမှာ ဦးရဲထွဋ် ကသတင်းထောက်တွေ ကို ပြောခဲ့တာဖြစ်ပါတယ်။
"ဒီကိစ္စက ပြန်ကြည့်မယ်ဆိုရင် အဖွဲ့အစည်းတစ်ခုတည်းမှာပဲ ဖြစ်တဲ့ပြဿနာပေါ့၊ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းထဲမှာ ဖြစ်တဲ့ပြဿနာ တိုင်ကြားတယ်လို့ နာမည်ထွက်တဲ့ လူတွေအားလုံးဟာလည်း အဲ့အသင်းရဲ့အမှုဆောင်တွေ အများကြီးပါတယ်၊ တကယ်တမ်းဖြစ်သင့်တာကတော့ ကိုယ့်အသင်းရဲ့ အမှုဆောင်အစည်းအဝေးတွေ၊ သင်းလုံးကျွတ်အစည်းအဝေးတွေမှာ ဒီကိစ္စတွေကို အရင်တင်ပြစာရင်းရှင်းခိုင်း စာရင်းရှင်းလင်းပြီးတော့ မရှင်းတဲ့အခါမှ တိုင်သင့်တယ်ထင်ရင် တိုင်ရမှာပေါ့၊ တိုင်တဲ့အခါမှာလည်း စဉ်းစားဖို့ လိုတာက အုပ်ချုပ်မှုအာဏာအရ လုပ်ပိုင်ခွင့်ရှိတဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ကိုလည်း တိုင်တာမဟုတ် ဘူး၊ နောက်တစ်ခါ လွှတ်တော်မှာဖွဲ့စည်းထားတဲ့ သတ္တုနဲ့ဆိုင်တဲ့ကော်မတီတွေ၊ တိုင်ကြားစာနဲ့ ပတ်သက် တဲ့ ကော်မတီကို တိုင်တာလည်းမဟုတ်ဘဲနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ထုတ်ခံရတဲ့ သူတွေ တော်တော်များများပါဝင်နေတဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော် မရှင်ကို သွားတိုင်တယ်ဆိုတော့ ဒါကအသင်းရဲ့ကိစ္စထက် ပိုပြီးတော့နက်နဲ့တဲ့ နိုင်ငံရေးအကြောင်းခံတွေ ရှိမလားလို့လည်း စဉ်းစားစရာဖြစ်တာပေါ့"
ကျောက်မျက်ပြပွဲတွေကနေရရှိတဲ့ ကျောက်မျက်လုပ်ငန်းရှင်များအသင်းရဲ့ တစ်ရာခိုင်နှုန်း အခွန်ရန်ပုံငွေတွေထဲက ယူရို သန်း ၈ဝ ကျော် ပျောက်ဆုံးနေတာကို စိစစ်ပေးဖို့ဆိုပြီး ကျောက်မျက်လုပ်ငန်းရှင်များအသင်း အဖွဲ့ဝင်တွေက သူရဦးရွှေမန်း ဦးဆောင်တဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ထံ တိုင်ကြားစာပေးပို့ခဲ့တာဖြစ်ပါတယ်။
တိုင်ကြားစာထဲမှာ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်နဲ့ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းတို့ထံ ပေးတယ် ဆိုတဲ့ ခေါင်းစဉ်နဲ့ ငွေကြေးလည်း ပါဝင်ပါတယ်။
အဲ့ဒီတိုင်ကြားစာကို အစိုးရသတ္တုတွင်းဦးစီးဌာနက ခုံအဖွဲ့ဖွဲ့ပြီး တိုင်ကြားသူတွေနဲ့ တိုင်ကြားခံရသူတွေကို စစ်ဆေးနေပါတယ်။
တိုင်ကြားသူတွေဘက်က စစ်ဆေးမယ့်ခုံအဖွဲ့မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က ကိုယ်စားလှယ်တွေ၊ စာရင်းစစ်အရာရှိ၊ ဆောက်လုပ်ရေးဌာနက အင်ဂျင်နီယာ၊ သတ္တုတွင်းဌာန ကိုယ်စားလှယ်၊ ကျောက်မျက်အသင်းရဲ့ ကိုယ်စားလှယ်နဲ့ ဥပဒေပညာရှင် စတဲ့ ၇ ဦးကို ပါဝင်ခွင့်ပေးဖို့ အကြံပြုထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်ကြားထားတဲ့ ကျောက်မျက်လုပ်ငန်းရှင် ၈၇ ဦးကလည်း ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပါတယ်။ သူတို့က အရင်အစိုးရလက်ထက်က အလွဲသုံးစား လုပ်ခဲ့သူတွေကို ဥပဒေအရ အရေးယူပေးဖို့ တောင်းဆိုလိုက်ပါတယ်။
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။