ရေစကြို မီးလောင် လူ ၉၀၀ ကျော် အိုးအိမ်မဲ့ဖြစ်
2018.03.04

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် သစ်ကြီးတောကျေးရွာမှာ မနေ့ညက ၄ နာရီကျော်ကြာ မီးလောင်မှုကြောင့် အိမ်ခြေ ၁၅၀ ကျော် ပျက်ဆီးခဲ့ပြီး လူဦးရေ ၉၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေပါတယ်။
မီးသတ်ကားတွေ အချိန်မီရောက်ပေမယ့် အဲဒီဒေသဘက်မှာ ရေရှားပါးတာကြောင့် အိမ်ခြေအများကြီး မီးလောင် ဆုံးရှုံးရတာလို့ မီးဘေးသင့်သူတွေကို ကူညီပေးနေတဲ့ ရေစကြိုလူငယ်ကွန်ရက်က ကိုဝေယံအောင် က ပြောပါတယ်။
"အဓိကကတော့ဗျာ၊ မြို့တွေနဲ့လည်း နည်းနည်းလှမ်းတယ်။ ဝေးတယ်ပေါ့နော်။ မီးသတ်၊ အဓိက ကတော့ ရေ ပြဿနာပေါ့။ ရေက အလွယ်တကူ မရဘူးလေ။ အဲဒါတွေကြောင့်ပါ။ မီးသတ်ကားတွေ ကတော့ အကုန်လုံးရောက်ပါတယ်။ အချိန်မီတော့ရောက်တာပေါ့။ ဒါပေမဲ့ ရေရှားပါးတယ်ပေါ့နော်။ ပြီးတော့လည်း မီးလုံးတွေ ပြတ်ကျတာလည်း ပါတာပေါ့။ ဒီဘက်မီးငြိမ်းနေရင် ဟိုဘက် လေး၊ ငါး၊ ဆယ်အိမ်ကို တစ်ခါသွား၊ အဲလိုမျိုး။ လမ်းတွေခြားတာတောင် မီးလုံးတွေက ပြတ်ကျတာဆိုတော့ အကုန်လုံးသွားတာပေါ့"
အဲဒီကျေးရွာက နေအိမ်တစ်ခုက ဟင်းချက်ရာကနေ မီးစတင်လောင်ကျွမ်းတာဖြစ်ပြီး နေအိမ်အများစုဟာ ထန်းလက်၊ ဝါးထရံ၊ သစ်သား စတာတွေနဲ့ ဆောက်လုပ်ထားတာကြောင့် ပျက်ဆီးဆုံးရှုံးမှုများသွားတာလို့ လည်း ပြောပါတယ်။
မီးဘေးသင့်သူတွေကို စာသင်ကျောင်းတစ်ခုမှာ ယာယီစောင့်ရှောက်ထားပြီး အရပ်ဖက်အဖွဲ့အစည်းတွေ၊ ရဲတပ်ဖွဲ့၊ တပ်မတော် ၊ မီးသတ်၊ အထွေထွေအုပ်ချုပ်ရေး စတဲ့အဖွဲ့အစည်းတွေက ကူညီပေးနေပါတယ်။
အဲဒီမီးလောင်မှုကို ရေစကြိုမြို့နယ် မအူနယ်မြေ၊ ပခန်းကြီးနယ်မြေ၊ မြိုင်မြို့နယ်၊ လင်းကတောနယ်မြေ၊ စစ်ကိုင်း တိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် စတဲ့ မီးသတ်စခန်းတွေက မီးသတ်ကား ၁၀ စီးကျော်၊ ရေသယ်ယာဉ်တွေနဲ့ ငြိမ်းသတ်ခဲ့ရတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် မနေ့ညက ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ် တာပွန်မြို့မှာလည်း မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၅ လုံး ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။