ရန်ကုန် သမိုင်းလမ်းဆုံ စစ်ကောင်စီလုံခြုံရေးကင်းအနီး ပေါက်ကွဲမှု ပြည်သူလေးဦး ဒဏ်ရာရ

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံ မီးပွိုင့်အနီးမှာရှိတဲ့ စစ်ကောင်စီလုံခြုံရေး ကင်းစခန်းအနီးမှာ စက်တင်ဘာလ ၂၃ ရက် ဒီနေ့မနက် ၁၀ နာရီက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ တာကြောင့် လမ်းသွားလမ်းလာ ပြည်သူလေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြော ပါတယ်။
အဲဒီ ရဲကင်းစခန်းဟာ ကျိုက်ဝိုင်း ဘုရားလမ်းနဲ့ အင်းစိန်လမ်းမကြီးထောင့်မှာ ရှိတာဖြစ်ပြီး စစ်ကောင်စီ တပ်သား သုံးဦးကနေ၊ လေးဦးအထိ ပုံမှန် လုံခြုံရေး ယူထားတာ ဖြစ်ပါတယ်။
ပေါက်ကွဲမှု ဖြစ်ပွားချိန်က ရဲကင်းစခန်းအနားကနေ ဖြတ်သွားတဲ့ ပြည်သူလေးဦး ထိခိုက် ဒဏ်ရာ ရခဲ့တယ်လို့ မျက်မြင်ကြုံခဲ့သူတစ်ဦးက RFA ကို ပြောပါတယ်။
"ပေါက်ကွဲတာက ပြင်းအား အရမ်းမများဘူးဗျ။ ပြီးတော့ ရဲကင်းစခန်းထဲက ပေါက်တာ မဟုတ်ဘူး။ အပြင်ဘက်ကပေါက်တာ။ အပြင်ဘက်ဆိုတော့ အဲဒီဘက်ကနေ ကျိုက်ဝိုင်း ဘက်ကို လမ်းလျှောက်တဲ့ အမျိုးသား သုံးဦးနဲ့ အမျိုးသမီးတစ်ဦး လဲကျသွားတာ တွေ့ လိုက်တယ်။ ဒဏ်ရာကတော့ ခြေထောက်နဲ့ ရင်ဘတ်၊ လက်တွေ ထိတာတွေ့တယ်။ မီးခိုးတွေထွက်ပြီး တစ်လမ်းလုံး မည်းသွားတယ်"
ပေါက်ကွဲမှုဖြစ်ပြီး နာရီပိုင်းအကြာမှာ အရေးပေါ် ကားတွေနဲ့ ထိခိုက် ဒဏ်ရာရရှိသူတွေကို လာခေါ်သွားပြီး အင်းစိန်လမ်းမနဲ့ ကျိုက်ဝိုင်းဘုရားလမ်းမကို စစ်ကောင်စီတပ်က ခေတ္တ ပိတ်ဆို့စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
ပေါက်ကွဲမှုကြောင့် ရဲကင်းစခန်းထဲက စစ်ကောင်စီတပ်တွေ ထိခိုက်ဒဏ်ရာ ရ၊ မရ အခြေ အနေကိုတော့ အတည်မပြုနိုင်ဘူးလို့ သူက ဆိုပါတယ်။
ဒီပေါက်ကွဲမှုဟာ ဘယ်သူ့လက်ချက်ဆိုတာကိုတော့ မသိရသေးပါဘူး။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေနဲ့ ရဲတွေ လုံခြုံရေး ယူထားတဲ့ ရဲစခန်း၊ လုံခြုံရေးကင်းတွေ၊ အုပ်ချုပ်ရေးမှူးရုံးတွေကို မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက ပစ်မှတ် ထား တိုက်ခိုက်မှုတွေ ရှိနေတာဖြစ်ပါတယ်။