မြေနီကုန်း ခုံးတံတားအောက် ပေါက်ကွဲမှု ရှစ်ဦးထက်မနည်း ဒဏ်ရာရ

2022.07.12
မြေနီကုန်း ခုံးတံတားအောက် ပေါက်ကွဲမှု ရှစ်ဦးထက်မနည်း ဒဏ်ရာရ မြေနီကုန်း ခုံးတံတားအောက် ပေါက်ကွဲမှုအပြီး မြင်ကွင်း - ၁၂ ဇူလိုင် ၂ဝ၂၂
CJ

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်း ခုံးကျော်တံတားအောက်မှာ ဒီနေ့ ညနေ ၃ နာရီလောက်မှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုတစ်ခုကြောင့် အနီးက ပြည်သူ အနည်းဆုံး ရှစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ကိုင်သူတွေက RFA ကို ပြောပါတယ်။

လူနာ သုံးယောက်ကိုတော့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရတဲ့အကြောင်း စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

"ထိခိုက်ဒဏ်ရာ ရတယ်လို့ သတင်းဝင်လာချိန် ရန်ကုန်ဆေးရုံကြီးကို လူနာပို့ပြီးအပြန်၊ တံတားအောက်က လူနာတစ်ယောက်အရင်တင်ပြီးတော့ ဆေးရုံပို့လိုက်တာပေါ့နော်။ နောက်ထပ် အိမ်စီးကားနဲ့တင်ပြီး ရောက်လာတဲ့ လူနာနှစ်ယောက်လည်း ရှိတယ်။ အားလုံးပေါင်း သုံးယောက်ပေါ့။ နောက်တစ်ခါ စမ်းချောင်း ကြက်ခြေနီက နှစ်စီး၊ သူတို့ကတော့ ငါးယောက်ပေါ့။ ရှစ်ယောက်လောက်တော့ ဖြစ်မယ်ဗျ"

ဒီလူနာ သုံးယောက်မှာ အသက် ၂ဝ နဲ့ ၃ဝ ကြား အမျိုးသမီး နှစ်ယောက်၊ အမျိုးသား တစ်ယောက် ပါဝင်ပြီး တင်ပါးဆုံထိခိုက်ဒဏ်ရာ၊ ဗုံးစ စင်တဲ့ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့လည်း သူကပြောပါတယ်။

စမ်းချောင်းမြို့နယ်၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ကလည်း လူနာ ငါးယောက်ကို ပို့ဆောင်ခဲ့ကြောင်းနဲ့ အမျိုးသား၊ အမျိုးသမီး အရေအတွက်ကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

လောလောဆယ်မှာတော့ ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို အတိအကျ မသိရသေးပါဘူး။

ဒီပေါက်ကွဲမှုမတိုင်ခင် မနက်ပိုင်းကတော့ တာမွေမြို့နယ်၊ အောင်မင်္ဂလာလမ်းထိပ်မှာ စစ်ကားတွေကို ဖောက်ခွဲတိုက်ခိုက်ဖို့ ကြိုးစားချိန် အရပ်သားတွေ ဗုံးကိုဝိုင်းအုံကြည့်ရှု့နေတာကြောင့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ရတယ်လို့ Yangon Liberation Force ကနေ နေ့လယ်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။