ရန်ကုန်အပါအဝင် တိုင်းငါးခုက မြို့အချို့ကို ညမထွက်ရအမိန့် ပယ်ဖျက်၊ လျှော့ချ

RFA Burmese
2023.10.28
ရန်ကုန်အပါအဝင် တိုင်းငါးခုက မြို့အချို့ကို ညမထွက်ရအမိန့် ပယ်ဖျက်၊ လျှော့ချ ရန်ကုန်မြို့တွင်း တစ်နေရာကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့က တွေ့ရစဉ်။
RFA

နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူးနဲ့ မကွေးတိုင်းမှာ အောက်တိုဘာလ ၂၇ ရက်ကစလို့ စစ်ကောင်စီက သူတို့ ကန့်သတ်ထားတဲ့ ညမထွက်ရ အမိန့်တွေကို ပယ်ဖျက်တာနဲ့ လျှော့ချတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညမထွက်ရ အချိန်တစ်ခုကိုပဲ ပြောင်းလဲပြင်ဆင်တာဖြစ်ပြီး လူငါးဦးထက်ပိုပြီး စုဝေးခွင့် မပြုတာ၊ ဆန္ဒပြ ဟောပြော စည်းရုံးတာတွေကိုတော့ စစ်ကောင်စီရဲ့ မြို့နယ်ရုံးတွေက ဆက်ပြီး ကန့်သတ်ထားဆဲ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ ကိုကိုးကျွန်းမြို့နယ်ကလွဲလို့ ကျန်မြို့နယ်တွေအားလုံး စစ်ကောင်စီရဲ့ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အရ အရင်သတ်မှတ်ခဲ့တဲ့ ညမထွက်ရအချိန် ၁၂ နာရီကနေ မနက်လေးနာရီအစား မနက်တစ်နာရီကနေ သုံးနာရီအထိ ပြင်ဆင်လိုက် တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီထိန်းချုပ်ရာ နေပြည်တော်ကောင်စီနယ်မြေထဲက ပုဗ္ဗသီရိမြို့နယ်မှာတော့ ညမထွက်ရအမိန့်ကို ပယ်ဖျက်လိုက်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ဒေသခံတွေကို အသိပေးထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပုဗ္ဗသီရိ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့တုန်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ပြောတယ်။ ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ ညမထွက်ရအမိန့်ကို ပယ်ဖျက်လိုက်တယ်ဆိုပြီးတော့။ နေပြည်တော်ကောင်စီနယ်မြေ တစ်ခုလုံးကတော့ ဘယ်လိုပုံစံရှိမလဲတော့ မသိဘူး။ ညမထွက်ရအမိန့် ပယ်ဖျက်ပေမယ့် လုံခြုံရေးကင်းလှည့်တာတွေကတော့ အရင်အတိုင်းပါပဲ”

မန္တလေးတိုင်းထဲမှာ လက်နက်ကိုင် ခုခံတော်လှန်မှုရှိနေတဲ့ မိုးကုတ်၊ မတ္တရာ၊ သပိတ်ကျင်း၊ စဉ့်ကူး စတဲ့ မြို့နယ်တွေကလွဲလို့ ကျန်မြို့နယ်အားလုံးကို ညမထွက်ရအမိန့် ပယ်ဖျက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခု ညမထွက်အရအမိန့် ပယ်ဖျက်ပေးလိုက်တဲ့ မန္တလေးတိုင်းထဲက မြို့နယ်တွေဟာ စစ်ကောင်စီဘက်က ထိန်းချုပ်ထားနိုင်ပြီး လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး လုပ်နိုင်တဲ့နေရာတွေ ဖြစ်တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

ပဲခူးတိုင်းထဲမှာလည်း ပဲခူးနဲ့ ပြည်မြို့နယ်တွေကို ညမထွက်ရအမိန့်ကို ပယ်ဖျက်လိုက်ပြီး မကွေးတိုင်းအတွင်း မြို့နယ် ၂၅ မြို့နယ်ထဲက စစ်ကောင်စီထိန်းချုပ်ထားနိုင်တဲ့ မြို့နယ် ၁၃ မြို့နယ်ကို ညမထွက်ရအမိန့် ပယ်ဖျက်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း ဆန့်ကျင်ဆန္ဒပြမှုတွေ အရှိန်မြင့်လာပြီးနောက် မြို့နယ်စစ်ကောင်စီတွေဟာ လူငါးဦးထက်ပိုပြီး စုဝေးခွင့်မပြုတာ၊ ဟောပြောစည်းရုံးတာ မလုပ်ဖို့နဲ့ ည ၁၀ နာရီကနေ မနက်လေးနာရီအထိ ညထွက်ခွင့် ပိတ်တာတွေ လုပ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။