ခုံးကျော်တံတား ၄ စင်း တည်ဆောက်စရိတ်ထုတ်ပြန် ဖို့ ဒေါက်တာညိုညိုသင်း လွှတ်တော်မှာတင်ပြ


2015.11.30
yangon-hluttaw-620.jpg ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အထူးအစည်းအဝေးကို နိုဝင်ဘာလ ၃၀ ရက်နေ့ ပထမနေ့အဖြစ်ကျင်းပစဉ်
Photo: Aung Thain Kha/RFA

ရန်ကုန်တိုင်းဒေသကြီးမှာ တည်ဆောက်ပြီးစီးသွားတဲ့ ခုံးကျော်တံတား ၄ခုရဲ့ ကုန်ကျစရိတ်တွေကို လက်ရှိတိုင်းဒေ သကြီး အစိုးရသက်တမ်းမကုန်မီ အသေးစိတ် ထုတ်ပြန်ကြေညာပေးဖို့ တိုက်တွန်းကြောင်းအဆိုကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ တင်သွင်းခဲ့ပါတယ်။

တိုင်းဒေသကြီး အစိုးရအနေနဲ့ ပြီးစီးသွားပြီဖြစ်တဲ့ ခုံးကျော်တံတားတွေရဲ့ ကုန်ကျစရိတ်တွေကို မရှင်းလင်းရသေး ဘဲ နောက်ထပ်တံတား ၃ ခုကို ဆောက်လုပ်ခွင့်ပြုထားတဲ့အတွက် အခုလိုတင်သွင်းတာဖြစ်တယ်လို့ ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီး ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက အစည်းအဝေးမှာ ပြောပါတယ်။

"ဒီခုံးကျော်တံတားတွေကို ဆောက်လုပ်ခွင့်ရတဲ့ ကုမ္ပဏီတွေဟာ ပထမငွေစာရင်းရှင်းတမ်း မပေးသေးဘဲနဲ့ အခုနောက်ဆုံးဘဏ္ဍာနှစ်မှာ ဆောက်လုပ်နေတဲ့ ခုံးကျော်တံတားသုံးခု ထပ်ပြီးတော့ဆောက်လုပ်ခွင့်ရတာ ကို တွေ့ရပါတယ်၊ ဒါဟာအများပြည်သူကြားထဲမှာ တော်တော်လေးကို ဝေဖန်ထောက်ပြစရာ အချက်တစ်ချက်ဖြစ် ပါတယ်၊ မူလစာရင်းမရှင်းသေးဘဲနဲ့ နောက်ထပ်ခုံးကျော်တံတားတွေ ဘာလို့ဆောက်ခွင့်ရနေတာလဲဆို တာ ပြည်သူလူထုက မေးခွန်းထုတ်နေတဲ့အရာတွေဖြစ်ပါတယ်၊ ဒါကြောင့်မို့ ကျမအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ဆောက်ပြီးသွားတဲ့ ခုံးကျော်တံတားလေးခုရဲ့ စာရင်းတွေကို မိမိတို့အစိုးရအဖွဲ့ သက်တမ်း မကုန်ခင်ကိစ္စတွေကို အသေးစိတ်အစီရင်ခံနိုင်မယ်ဆိုလို့ရှိရင် နောင်တက်လာမယ့် အစိုးရအတွက်ကိုလည်း အင်မတန်မှကို နမူနာကောင်းတွေ ချန်ထားခဲ့မှာဖြစ်ပါတယ်"

လှည်းတန်း၊ သမိုင်း၊ မြေနီကုန်းနဲ့ ဘုရင့်နောင်တို့မှာ ခုံးကျော်တံတား ၄ခု ဆောက်လုပ်ခဲ့ပြီး ကုက္ကိုင်း၊ တာမွေနဲ့ ရှစ်မိုင်တို့မှာ နောက်ထပ် ၃ခု ဆောက်လုပ်နေပါတယ်။

ဆောက်လုပ်ပြီးစီးခဲ့တဲ့ ခုံးကျော်တံတား ၄ခုအတွက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုပေးထားတဲ့ ကုန်ကျစရိတ်ဟာ ကျပ်ငွေ ဘီလီယံ ၈၀ ကျော်ရှိပြီး အသေးစိတ်ကို မသိရသေးတာဖြစ်ပါတယ်။

လာမယ့် ၂၀၁၆ ခုနှစ်မှာ မြောက်ဥက္ကလာအဝိုင်း ခုံးကျော်တံတား၊ ကမ္ဘာအေးဘုရားလမ်းနဲ့ ပါရမီလမ်းဆုံ ခုံးကျော် တံတားတို့ကို ထပ်မံဆောက်လုပ်မှာဖြစ်ပါတယ်။ အဲဒီခုံးကျော်တံတား ၂ခုအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကျပ်ငွေ ၃၃ ဘီလီယံကျော် တောင်းခံထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။