လူငယ်တွေကို ရန်ကုန်တိုင်း အစိုးရ တွေ့ဆုံမယ်
2016.07.26

လာမယ့် သြဂုတ်လ ၁ ရက်နေ့မှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ရန်ကုန်မြို့မှာရှိတဲ့ လူငယ်တွေနဲ့ တွေ့ဆုံသွားမှာဖြစ် ပြီး ခရီုနီလို့ခေါ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တချို့ရဲ့ သားသမီးတွေလည်း ပါဝင်မှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ဒီကနေ့ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်က ဆရာဆရာမတွေ ကျောင်းသူကျောင်းသားတွေနဲ့ တွေ့ဆုံပွဲမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောတာဖြစ်ပါတယ်။
"ကျနော်ကိုယ်တိုင်လည်း လူငယ်ဘဝကနေလာခဲ့တာဖြစ်ပါတယ်၊ အခုလူငယ်တွေထဲမှာ လုပ်ငန်းတာဝန် အသီးသီးကိုထမ်းဆောင်နေတဲ့ ဘွဲ့ရလူငယ်တွေ တော်တော်များများရှိပါတယ်၊ သူတို့က တိုင်းပြည် တာဝန်ကို တစ်ထောင့်တစ်နေရာကနေ ထမ်းဆောင်နေကြတာ၊ တစ်ခေတ်တစ်ခါတုန်းက ခရိုနီတွေ ရဲ့သား၊ သမီးတွေလို့ စွပ်စွဲခံနေရတဲ့သူတွေလည်းရှိပါတယ်၊ ချမ်းသာခဲ့တဲ့ သူဌေးကြီးတွေရဲ့သား၊ သမီးတွေဟာ သူတို့တိုင်းပြည်ထူထောင်ရေးမှာ ပါချင်မှာ၊ သူတို့ရဲ့မိဘတွေကြောင့် စွပ်စွဲခံနေရမှုကနေ သူတို့တိုင်းပြည်အတွက် အကျိုးပြုမှုတစ်ခုခုလုပ်ပေးသွားချင်တဲ့ စိတ်တွေ သူတို့မှာရှိပါတယ်"
စက်မှုလုပ်ငန်းတွေ ဖ့ွံဖြိုးရေးအတွက် ပြင်ဆင်ရာမှာ လူငယ်တွေကိုနေရာပေးရမှာဖြစ်ပြီး အစိုးရက မူဝါဒ နဲ့ ပေါ်လစီကိုပဲ ကိုင်ထားမှာဖြစ်ပြီး လူငယ်တွေက တကယ်လက်တွေ့ လုပ်ဆောင်ရမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် က ပြောပါတယ်။
လူငယ်တွေအနေနဲ့လည်း ဘယ်ကဏ္ဍမှာ ပါဝင်ချင်တယ်ဆိုတာကို အစိုးရအဖွဲ့ကို အသိပေးဖို့ လိုအပ်ကြောင်း လည်း ပြောပါတယ်။
ရန်ကုန်တိုင်းဝန်ကြီးချုပ် နဲ့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့ဟာ မနေ့က ရန်ကုန်တက္ကသိုလ်က ကျောင်း သားကျောင်းသူတွေ ဆရာ ဆရာမတွေ နဲ့လည်း တွေ့ဆုံခဲ့ပြီး ဝန်ကြီးချုပ်က ကျောင်းသားတွေအနေနဲ့ လမ်းပေါ် ထွက်ဆန္ဒပြပြီး ပေးဆပ်စရာမလိုတော့ဘူးလို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် အမျိုးသားပညာရေးဥပဒေမှာ ကျောင်းသားတွေ ကျောင်းသားသမဂ္ဂတွေရဲ့ လွတ်လပ်စွာ ပြောဆိုလုပ်ကိုင် ခွင့်ကို ပေးထားပြီးဖြစ်ကြောင်းလည်း မနေ့က တေ့ွဆုံပွဲမှာ ပြောခဲ့ပါတယ်။