လေယာဉ်ဆီဌာန ဝန်ထမ်းများ အခြေခံ လစာတိုးရေး ဆန္ဒပြ


2016.04.24
yangon-airport-620.jpg ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်းက ပြည်တွင်းထွက်ခွာတဲ့နေရာကို တွေ့ရစဉ်
Photo: RFA

ရန်ကုန်လေဆိပ် လေယာဉ်ဆီဌာနမှာ အခြေခံလုပ်ခလစာ နည်းလို့ဆိုပြီး မနေ့က အလုပ်မလုပ်ဘဲ ဆန္ဒပြခဲ့တဲ့ ဝန်ထမ်း ၇ဝ ကျော်နဲ့ ကုမ္ပဏီတာဝန်ရှိသူတွေ ဒီနေ့ ညှိနှိုင်းတာ ပြေလည်မှုမရဘူးလို့ ဆန္ဒပြဝန်ထမ်းတွေ က ပြောပါတယ်။

အခြေခံလုပ်ခလစာကိစ္စ ညှိနှိုင်းမှုမပြေလည်တာကြောင့် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး နဲ့ ပြည်ထောင်စုအစိုးရထံ တင်ပြသွားမယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ လေယာဉ်ဆီဌာနက ဝန်ထမ်းတစ်ဦးက ပြော ပါတယ်။

"ကျနော်တို့ကတော့ တရားဝင် သက်ဆိုင်ရာလူကြီးတွေဆီ ကျနော်တို့ စာတင်ပြီး တောင်းဆိုမှာပေါ့နော်၊ အစိုးရသစ်ဆီမှာ ကျနော်တို့ တောင်းဆိုဖို့ ရည်ရွယ်ထားတယ်ပေါ့နော်၊ ကျနော်တို့က ဦးတိုက်လျှောက် မှာ ကတော့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ပါ၊ ပြီးတော့ မိတ္တူတို့ဘာတို့ပို့မှာက နိုင်ငံတော်အတိုင် ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၊ နောက် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ကို ပို့မယ်၊ ကျနော်တို့ဌာနအနေနဲ့ကလည်း တကယ့်ကို တပ်ပိုင်းဆိုင်ရာ လူကြီးတွေပဲများတော့ အခုလည်း သွယ်ဝိုက်သောနည်းနဲ့ နောက်ကွယ်က ဒီမှာအချိုသတ်မယ်၊ နောက်ကအရေးယူဖို့တွေရော သူတို့လုပ်နေတယ်၊ ကုမ္ပဏီကတော့ မီဒီယာတွေကို ဘာကိစ္စမှ ဖြေကြားခြင်းမပြုဖို့ပေါ့၊ ဖြေကြားရင် အရေးယူမယ်ပေါ့ဗျာ"

ဝန်ထမ်းတွေက အခြေခံလစာကို တစ်လကျပ် ၃ သိန်းကျော်ကနေ ၅ သိန်းအကြားပေးဖို့ တောင်းဆိုကြတာဖြစ် ပါတယ်။

ဆန္ဒပြဝန်ထမ်းတွေဟာ အရင်ကစွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း လေယာဉ် ဆီဌာနမှာ လုပ်ကိုင်ခဲ့တဲ့ဝန်ထမ်းတွေဖြစ်ပါတယ်။

မြန်မာ့လေဆိပ် လေယာဉ်ဆီဌာနကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစပြီး စွမ်းအင်ဝန်ကြီးဌာက ၅၁ ရာခိုင်နှုန်းနဲ့ NEPAS (National Energy Puma Aviation Service) ကုမ္ပဏီက ၄၉ ရာခိုင်နှုန်းဆိုပြီး အကျိုးတူပူးပေါင်း လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။ အဲ့ဒီလိုပူးပေါင်းလုပ်ကိုင်ရာမှာ လေယာဉ်ဆီဌာနက ဝန်ထမ်းတွေကို ကုမ္ပဏီထံ လွဲှပြောင်းပေးခဲ့တာဖြစ်ပါတယ်။

လွှဲပြောင်းထားတဲ့ ဝန်ထမ်းတွေကို ၆ လပြည့်တဲ့နေ့မှာ ဝန်ထမ်းတွေ တောင်းဆိုတဲ့ အခြေခံလစာခံစားခွင့် ရှိအောင် ညှိနှိုင်းပေးဖို့ နိုင်ငံ့ဝန်ထမ်းအဖြစ်ကနေ ကုမ္ပဏီဝန်ထမ်းတွေအဖြစ် လွှဲပြောင်းစဉ်က ကုမ္ပဏီဘက်က ကတိပေးထားပေမယ့် လိုက်နာမှုမရှိဘူးလို့ ဆန္ဒပြသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။