ကိုးတန်ကောက် နယ်ခြားစောင့်ရဲစခန်းကို မစ္စ ယန်ဟီးလီ သွားရောက်လေ့လာ
2017.01.14

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ပြီးခဲ့တဲ့နှစ် အောက်တို ဘာလ ၉ ရက်နေ့က အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်နယ်ခြားစောင့် ရဲစခန်းကို ဒီနေ့ သွားရောက်လေ့လာခဲ့ပါတယ်။
အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ အခြေအနေတွေကို တာဝန်ကျရဲအရာရှိတွေကို မေးမြန်းခဲ့သလို ချိန်ခါလီကျေးရွာက လူငယ်တချို့နဲ့တွေ့ဆုံပြီး ရခိုင်နဲ့ မွတ်ဆလင်တွေရဲ့ ဆက်ဆံရေးအခြေအနေကို မေးမြန်းခဲ့တယ်လို့ ကိုးတန်ကောက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းတင်စိုး က ပြောပါတယ်။
"ချိန်ခါလီမှာ ကလေးတွေနဲ့တွေ့တယ်၊ လူကြီးတွေနဲ့ မတွေ့ဘူး၊ မွတ်စလင်တွေနဲ့တွေ့တယ်၊ မွတ်စလင်တွေနဲ့ အရေးခင်းဖြစ်ပြီး ဘာများအခက်အခဲရှိလဲလို့ ကလေးတွေကိုမေးတယ်"
ချိန်ခါလီမွတ်ဆလင်ဒုက္ခသည်စခန်းဟာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ရသေ့တောင် မြို့နယ်တဝိုက်က ထွက်ပြေးလာတဲ့ မွတ်ဆလင်တွေ ခိုလှုံနေတဲ့ စခန်းတစ်ခုဖြစ်ပါတယ်။ မစ္စ ယန်ဟီးလီဟာ ချိန်ခါလီဒုက္ခသည်စခန်းကို သွားရောက်လေ့လာခဲ့သလို ဘူးသီးတောင် အကျဉ်းထောင်ကိုလည်း သွားရောက်ခဲ့ ပါတယ်။
မနက်ဖြန်မှာတော့ မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင်၊ ဝါးပိတ်၊ ကြက်ရိုးပြင်၊ ငခူရ၊ ဦးချဉ့်ကျ ၊ ရေခပ်ချောင်းခွဆုံ၊ ဒါးကြီးဇား စတဲ့ကျေးရွာတွေကို သွားရောက်မှာဖြစ်သလို တိုင်းရင်းသားကျေးရွာတချို့ကိုလည်း သွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။
မစ္စ ယန်ဟီးလီဟာ ရခိုင်ပြည်နယ်က လူ့အခွင့်အရေးအခြေအနေတွေကို လေ့လာဖို့အတွက် မနေ့က စစ်တွေမြို့ ကို ရောက်ရှိလာတာဖြစ်ပြီး သူ့ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်ကို ဇန်နဝါရီလ ၁၆ ရက်နေ့မှာ အဆုံးသတ်မှာဖြစ်ပါတယ်။