ဝန်ထမ်းသမဂ္ဂ ဖွဲ့စည်း
2018.03.30
အဖွဲ့ဝင် ၁၆၅ ဦးနဲ့ ဝန်ထမ်းအဆင့်ဆင့် ပါဝင်ဖွဲ့စည်းထားတဲ့ ဝန်ထမ်းများသမဂ္ဂကို ပထမဆုံးအကြိမ်အဖြစ် မန္တလေး ရတနာပုံတက္ကသိုလ်မှာ ဒီနေ့ စတင် ဖွဲ့စည်းလိုက်ပါတယ်။
ရတနာပုံတက္ကသိုလ် ဝန်ထမ်းများသမဂ္ဂကို တက္ကသိုလ်မှာရှိတဲ့ နေ့စားဝန်ထမ်းကစပြီး မော်ကွန်းထိန်း၊ ဌာနမှူး စတဲ့ ရာထူးတွေအထိ ပါဝင်ဖွဲ့စည်းထားတယ်လို့ ရတနာပုံတက္ကသိုလ် ဝန်ထမ်းများသမဂ္ဂအဖွဲ့ (၁) ရဲ့ ဥက္ကဌအဖြစ် ရွေးချယ်ခြင်းခံရတဲ့ ရတနာပုံတက္ကသိုလ်က ဌာနခွဲစာရေး ဦကျော်ဆန်းဝင်း ကပြောပါတယ်။
"ဒီဝန်ထမ်းသမဂ္ဂအဖွဲ့က ပထမဆုံးဖွဲ့တာပါ၊ အရင်ကရှိခဲ့တာက ဆရာများသမဂ္ဂနဲ့ ကျောင်းသားများ သမဂ္ဂပေါ့၊ ကျနော်တို့ ဝန်ထမ်းများသမဂ္ဂကတော့ ပထမဆုံးဖွဲ့တာပါ၊ အဖွဲ့ဝင်လည်း များတဲ့အတွက် အဖွဲ့နှစ်ခုခွဲလိုက်တယ်၊ ရတနာပုံတက္ကသိုလ်ဝန်ထမ်းများသမဂ္ဂ (၁) ရယ်၊ ရတနာပုံတက္ကသိုလ် ဝန်ထမ်းများသမဂ္ဂ (၂) ရယ်ဆိုပြီးတော့ နှစ်ဖွဲ့ခွဲလိုက်တယ်၊ ပိုပြီးတော့ ဝန်ထမ်းတွေ စည်းစည်းလုံးလုံး ရှိလာမယ်၊တက္ကသိုလ်ရဲ့ကောင်းကျိုးတွေ ပိုပြီးတော့ ဆောင်ရွက်နိုင်မယ်ပေါ့၊ လုပ်ငန်းတွေ ပိုပြီးတော့ အဆင်ပြေလာမယ်၊ တစ်ယောက်နဲ့ တစ်ယောက် ပြဿနာတွေ နည်းလာမယ်လို့ ထင်ပါတယ် ယုံကြည် ပါတယ်"
ရတနာပုံတက္ကသိုလ် ဝန်ထမ်းများသမဂ္ဂကို ဖွဲ့စည်းရာမှာ ပြီးခဲ့တဲ့၂၀၁၁ ခုနှစ် အလုပ်သမားအဖွဲ့အစည်းဥပဒေမှာ ပါတဲ့ မဲခွဲစနစ်အတိုင်း အလုပ်အမှုဆောင်တွေကို မဲခွဲရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ရတနာပုံတက္ကသိုလ် ဝန်ထမ်းများသမဂ္ဂကို ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်ကတော့ အဆင့်မြင့်ပညာရေးကဏ္ဍမှာ တာဝန်ထမ်းဆောင်နေကြတဲ့ သင်ကြားရေးဝန်ထမ်းတွေ၊ စီမံဝန်ထမ်းတွေနဲ့ ဝန်ထမ်းမိသားစုဝင်တွေရဲ့ အကျိုးစီးပွား၊ ဝန်ထမ်းရာထူးနဲ့အညီ တာဝန်ထမ်းဆောင်မှု၊ အခွင့်အရေးတွေကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒေတွေနဲ့ အညီ ကာကွယ်စောင့်ရှောက်ဖို့အပြင် ဝန်ထမ်းတွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားဖို့နဲ့ နိုင်ငံတော်နဲ့ တက္ကသိုလ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းလိုက်တာလို့ သိရပါတယ်။