စာရေးဆရာ၊ အယ်ဒီတာ၊ ရုပ်ရှင်ဒါရိုက်တာ၊ နိုင်ငံရေးအကျဉ်းသားဟောင်း မောင်မိုးသူ ကွယ်လွန်

2021.09.01
စာရေးဆရာ၊ အယ်ဒီတာ၊ ရုပ်ရှင်ဒါရိုက်တာ၊ နိုင်ငံရေးအကျဉ်းသားဟောင်း မောင်မိုးသူ ကွယ်လွန် စာရေးဆရာ အယ်ဒီတာ ရုပ်ရှင်ဒါရိုက်တာမောင်မိုးသူကို ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာက နေအိမ်မှာ တွေ့ရစဉ်။
Photo: RFA

စာရေးဆရာ အယ်ဒီတာ ရုပ်ရှင်ဒါရိုက်တာမောင်မိုးသူဟာ စက်တင်ဘာ ၁ ရက်နေ့ ညနေ ၆နာရီ ၅၁မိနစ်မှာ ကွယ်လွန်သွားကြောင်း သားဖြစ်သူကိုပန်းသီးရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဘကြီးမိုးလို့ လူသိများတဲ့ စာရေးဆရာမောင်မိုးသူဟာ ကွယ်လွန်ချိန်မှာ အသက် ၈၄ နှစ် ရှိပြီဖြစ်ပါတယ်။ မန္တလေးဇာတိဖြစ်တဲ့ စာရေးဆရာမောင်မိုးသူရဲ့ အမည်ရင်းဟာ ဦးစိန်မြင့်ဖြစ်ပါတယ်။ ၁၉၅၆ ခုနှစ်နောက်ပိုင်း မန္တလေးတက္ကသိုလ်မှာ ပညာသင်ချိန်ကတည်းက ကဗျာတွေ၊ ဝတ္တုတွေ ရေးခဲ့သလို ရန်ကုန်ကို ပြောင်းရွှေ့လာပြီး နောက်ပိုင်းမှာ မိုးဦးပန်းစာပေတိုက်ကို ထူထောင်ခဲ့ပါတယ်။

စာရေးဆရာ မောင်မိုးသူကို ပင်ကိုယ်ရေးထက် ဘာသာပြန်စာရေးဆရာ အဖြစ် ပိုပြီးလူသိများပါတယ်။ ဘာသာပြန်လက်ရာတွေထဲမှာ စာရေးဆရာ လီယွန်အူးရစ်ရဲ့ အိပ်ဇိုးဒပ် နိုင်ငံတစ်ခု မွေးဖွားခြင်း အမည်နဲ့ ဘာသာပြန်ခဲ့တဲ့ စာအုပ်ဟာ အထင်ရှားဆုံးဖြစ်ပါတယ်။

သူ ရုပ်ရှင်ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့တဲ့ ကျနော့်နာမည် ကျော်ကျော် ၊ မှုန်နံ့သာ ခြယ်ကာသပါလို့၊ လွတ်လပ်မှ အမျှဝေပါ ဇာတ်ကားတွေဟာ အောင်မြင်ခဲ့ပါတယ်။

စာရေးဆရာ မောင်မိုးသူဟာ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တာကြောင့် ၁၉၅၈ က ၁၉၆၀ ထိ အုပ်ချုပ်တဲ့ အိမ်စောင့်အစိုးရ လက်ထက်မှာ ထိန်းသိမ်းခံခဲ့ရပါတယ်။ ၁၉၈၈ လူထုအရေးတော်ပုံမှာ သတင်းစာဆရာကြီး ဦးဝင်းတင်၊ စာရေးဆရာ မောင်သော်ကတို့ ဦးဆောင်တဲ့ စာရေးဆရာများသမဂ္ဂမှာ အတွင်းရေးမှူး တာဝန်ယူခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့ တတ်သိပညာရှင်တစ်ဦးအဖြစ်လည်း ပါဝင်ခဲ့ပါတယ်။

၁၉၈၉ ခုနှစ်မှာ ထောင်သုံးနှစ်ကျခဲ့ပြီး ၁၉၉ ၂ ခုနှစ် ပြန်လွတ်လာပြီးနောက်ပိုင်း နိုင်ငံရေးလှုပ်ရှားမှုကြောင့် ၁၉၉၆ ခုနှစ်မှာ ထပ်မံ ဖမ်းဆီးခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။