အကောက်အခွန် ဥပဒေ အသစ်တွေကို မကြာခင် အတည်ပြုနိုင်ဖို့ မျှော်လင့်
2012.01.30
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်မယ့် အကောက်အခွန်ဆိုင်ရာ ဥပဒေအသစ်တွေကို ဖေဖော်ဝါရီလကုန်ပိုင်းလောက်မှာ လွှတ်တော်ကနေ အတည်ပြု ပြဋ္ဌာန်းနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဆွစ်ဇာလန်နိုင်ငံ ဒါဘို့စ်မြို့မှာ နိုင်ငံတကာ စီးပွားရေး ညီလာခံ တက်ရောက်နေတဲ့ မြန်မာ စက်မှုဝန်ကြီး ဦးစိုးသိန်းက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မြန်မာကျပ်ငွေကိုလည်း နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်တွေအကြား ယုံကြည်လက်ခံလာနိုင်အောင် IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ကြီးရဲ့ အကြံပေးချက်တွေကို ရယူပြီး လုပ်ဆောင်နေကြောင်း၊ ကောင်းမွန်တဲ့ ဘဏ္ဍာရေးစနစ်နဲ့ ဘဏ္ဍာရေး ဆိုင်ရာ မူဝါဒတွေ ချမှတ်နိုင်ရေးကိုလည်း ဆောင်ရွက်နေကြောင်း၊ ဗဟိုဘဏ် ကိုလည်း အဆင့်မီအောင် ပြုပြင် ပြောင်းလဲနေပြီး ဘဏ္ဍာရေး ဝန်ကြီးဌာနအောက်မှာ မထားတော့ဘဲ လွတ်လွတ်လပ်လပ် ရပ်တည်နိုင်ရေး ကြိုးပမ်း နေကြောင်း ပြောဆိုခဲ့ပါတယ်။
ဒါဘို့စ် အစည်းအဝေးကို တက်ရောက်ရတဲ့အတွက် အများကြီး အကျိုးရှိတယ်လို့ စက်မှုဝန်ကြီး ဦးစိုးသိန်းက ပြောပါတယ်။
အလုပ်အကိုင် ရရှိရေး၊ စဉ်ဆက်မပြတ် လောင်စာစနစ်၊ အရင်းအမြစ်ဆိုင်ရာ စီမံခန့်ခွဲမှု၊ ဆင်းရဲမွဲတေမှု ပပျောက်ရေး၊ ဒုက္ခသည်နဲ့ အိုးမဲ့အိမ်မဲ့ ပြဿနာ၊ အမျိုးသမီးနဲ့ ကလေးသူငယ်ဆိုင်ရာ ပြဿနာတို့လို မြန်မာပြည်မှာ လုပ်ဆောင်သင့်တဲ့ ကိစ္စရပ် အတော်များများကို လေ့လာခွင့် ရခဲ့တယ်လို့ ဦးစိုးသိန်းက ပြောပါတယ်။