မြန်မာ့ဘက်စုံဖွံ့ဖြိုးရေး ကမ္ဘာ့ဘဏ် ကူညီပေးမည်


2014.01.26

မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် အလည်အပတ် ရောက်ရှိနေတဲ့ ကမ္ဘာ့ဘဏ် ဥက္ကဌ Mr Jim Yong Kim က ဆင်းရဲမွဲတေမှု ပပျောက်ရေး၊ စွမ်းအင်ကဏ္ဍ၊ ကျန်းမာရေး ဝန်ဆောင်မှုနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်း စီမံချက်တွေမှာ သုံးစွဲဖို့အတွက် အမေရိကန်ဒေါ်လာ သန်းနှစ်ထောင် ထောက်ပံ့မယ်လို့ မနေ့က ကြေညာခဲ့ပါတယ်။

ကမ္ဘာ့ဘဏ်အဖွဲ့ ဥက္ကဌဟာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရန်ကုန်မြို့က ကျန်းမာရေးဆေးခန်းတစ်ခုကို ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဖေသက်ခင်နဲ့အတူ သွားရောက်ကြည့်ရှုရင်း ထောက်ပံ့ကူညီမှုတွေ ထပ်တိုးပေးမယ့်အကြောင်း ကြေညာခဲ့တာပါ။

နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ IDA နိုင်ငံတကာ ငွေကြေးကော်ပိုရေးရှင်း IFC နဲ့ ဘက်စုံရင်းနှီးမြှုပ်နှံမှု အာမခံရေးအေဂျင်စီ MIGA တို့ပါဝင်တဲ့ ကမ္ဘာ့ဘဏ်အုပ်စုက အဲဒီထောက်ပံ့ငွေတွေကို နှစ်ရှည်စီမံကိန်းတွေနဲ့ သုံးစွဲမှာဖြစ်ပြီး၊  ၂၀၃၀ ခုနှစ်မတိုင်ခင် မြန်မာနိုင်ငံသားတိုင်း ကျန်းမာရေး စောင့်ရှောက်မှုရရှိစေဖို့နဲ့ လျှပ်စစ်ဓာတ်အားရရှိဖို့အတွက် ဆောင်ရွက်မယ်လို့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌက ပြောပါတယ်။

လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးအတွက် ဒေါ်လာ သန်းတစ်ထောင်သုံးစွဲမှာဖြစ်ပြီး၊ လူတိုင်း ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်ရေးအတွက် ဒေါ်လာသန်း ၂၀၀ သုံးစွဲမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လူဦးရေး ၇၀ ရာခိုင်နှုန်းဟာ လျှပ်စစ်ဓါတ်အား မသုံးစွဲနိုင်ကြဘဲ၊ ပြည်သူ ၄ ယောက်မှာ တစ်ယောက်သာ အဆင့်မီ ကျန်းမာရေးစောင့်ရှောက်မှု ရရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့ကျင်းပမယ့် ဒုတိယအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်ဖု့ိအတွက် ရောက်ရှိနေတဲ့ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Jim Young Kim ဟာ  နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံမှာဖြစ်သလို အတိုက်အခံခေါင်းဆောင်တွေ၊ စီးပွားရေးခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံမယ်လို့ ကမ္ဘာ့ဘဏ် ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။