သန်း ၁၀၀ ချေးငွေ ဝန်ထမ်းလစာတိုးဖို့အတွက် မဟုတ်
2016.08.16

ကမ္ဘာ့ဘဏ်ကနေ ချေးယူမယ့် အမေရိကန်ဒေါ်လာသန်း ၁၀၀ ဟာ အစိုးရဝန်ထမ်းတွေကို လစာတိုးပေးဖို့ မဟုတ်ကြောင်း စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ပြောပါတယ်။
ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကမ္ဘာ့ဘဏ်ကနေ ဒေါ်လာသန်း ၁၀၀ ချေးယူမယ့်ကိစ္စကို ရှင်းလင်းတင်ပြရာမှာ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ပြောကြားခဲ့တာဖြစ်ပါတယ်။
"ကျနေယ်တို့ ယခုတင်ပြတဲ့ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် ချေးငွေမှာ လစာတိုးရန်ကိစ္စဖြင့် လုံးဝသက်ဆိုင်မှုမရှိပါ၊ ဝန်ထမ်းလစာပေးရန် ရန်ပုံငွေမလုံလောက် သဖြင့် ငွေးချေးယူရသည်ဟူသော အခြေအမြစ်မရှိသည့် ရေးသားမှုများနှင့်လည်း သက်ဆိုင်မှုမရှိပါ၊ ကျနော်ဆွေးနွေးတင်ပြခဲ့သည့်အတိုင်း ကျနော်တို့ရဲ့ပုံမှန်ပြုမူဆောင်ရွက်နေတဲ့ဘတ်ဂျက်ကို ဒီချေးငွေ ထည့်ဝင်ပေးခြင်းသာဖြစ်ပါတယ်"
ကမ္ဘာ့ဘဏ်ကနေ ချေးယူမယ့် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ထဲက စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန အတွက် ဒေါ်လာ ၇၅ သန်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အတွက် ဒေါ်လာ ၂၅ သန်း ခွဲဝေသုံးစွဲမှာ ဖြစ်ပါတယ်။
စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ဝန်ထမ်းလစာ၊ စရိတ်၊ ပင်စင်ငွေပေးဖု့ိ အထောက်အပံံ့အနေနဲ့ သုံးစွဲသွား မှာဖြစ်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဘဏ်ရဲ့ စွမ်းဆောင်ရည်မြင့်မားရေး၊ ဝန်ထမ်းတွေ အရည်အသွေးမြှင့် တင်ရေးနဲ့ ငွေရေးကြေးရေးဆိုင်ရာ သင်တန်းကျောင်း ဖွင့်လှစ်ဖို့အတွက် သုံးစွဲသွားမှာဖြစ်ပါတယ်။
အဲ့ဒီချေးငွေဟာ ဆိုင်းငံ့ကာလ ၆ နှစ်၊ ပြန်ဆပ်ကာလ ၃၂ နှစ်နဲ့ အတိုးမဲ့ချေးတာဖြစ်ပြီး ဝန်ဆောင်ခအဖြစ် တစ်နှစ်ကို ၀ ဒသမ ၇၅ ရာခိုင်နှုန်း ပေးရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံခြားအကူအညီနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲမှု ဗဟိုကော်မတီ မရှိသေးကြောင်း၊ နိုင်ငံ တကာချေးငွေကြောင့် တိုးတက်သွားတဲ့ နိုင်ငံမရှိကြောင်း၊ မြန်မာနိုင်ငံမှာ ချေးငွေများနေကြောင်း စတာတွေ ကို ထောက်ပြပြီး လွှတ်တော်ကိုယ်စားလှယ်တွေက ဝေဖန်တာတွေ ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ နိုင်ငံတကာ အဖွဲ့အစည်းအသီးသီးကနေ ယူထားတဲ့ ချေးငွေ အမေရိကန် ဒေါ်လာ ၉ ဘီလီယံကျော် ရှိပါတယ်။
ချေးငွေရယူမယ့် စီမံကိန်း ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ဗဟိုဘဏ်တို့က ချေးငွေကို ခွင့်ပြုပေးသင့်ကြောင်း ရှင်းလင်း တင်ပြအပြီးမှာ ချေးငွေ ရယူသင့်၊ မသင့် မဲခွဲဆုံးဖြတ်ရာမှာ ချေးယူသင့်တဲ့ဘက်က မဲများတဲ့အတွက် ပြည်ထောင်စု လွှတ်တော်က ချေးငွေကို အတည်ပြုပေးလိုက်ပါတယ်။