ဆန္ဒပြ အလုပ်သမားများ ခြိမ်းခြောက်ခံလာရ

ရန်ကုန် လှိုင်သာယာနဲ့ ရွှေပြည်သာ စက်မှုဇုန်တွေမှာရှိတဲ့ ပုဂ္ဂလိကစက်ရုံ (၂၀) ကျော်က အလုပ်သမားတွေဟာ အခြေခံလစာ တိုးမြှင့်ရေးအတွက် မိမိတို့ စက်ရုံအသီးသီးမှာ ဆက်လက်ဆန္ဒပြ နေကြရာမှာ ခြိမ်းခြောက်ခံလာရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

2012.06.02
hallmark-strike-b305 ၂၀၁၂ ခုနှစ် မေလက စတင်ပြီး လှိုင်သာယာစက်မှုဇုန်ရှိ Hallmark အထည်ချုပ်စက်ရုံ အလုပ်သမားများ အခြေခံလုပ်ခလစာ တိုးပေးရေး တောင်းဆိုဆန္ဒပြနေကြစဉ်။
Photo: RFA

အလုပ်သမားတွေဘက်က ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေပေမဲ့ အလုပ်ရှင်အများစုဘက်က ခြိမ်းခြောက်တဲ့ ပုံစံမျိုးတွေနဲ့ တုံ့ပြန်ကြတာ တွေ့ရတယ်လို့ မနေ့က လှိုင်သာယာစက်မှုဇုန်မှာ ဆန္ဒပြနေတဲ့ စက်ရုံတွေထဲက စက်ရုံ (၅) ရုံကို သွားရောက်ကြည့်ရှု ကူညီခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က မသက်သက်အောင်က အခုလို ပြောပါတယ်။

" စက်ရုံကနေအပြင်ဘက်ပေါ့နော်၊ စက်ရုံဝင်း အပြင်ဘက်ကနေပြီးတော့ သူတို့တွေ ထိုင်ပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ဆန္ဒပြ တောင်းဆိုနေကြတာရှင့်။ ကျွန်မမြင်ရသလောက်တော့လေ အလုပ်ရှင်တွေဘက်က ညှိနှိုင်းမှုအား၊ ညှိနှိုင်းတယ်ဆိုတာ နည်းနည်း အားနည်းတယ်ရှင့်။ ဘယ်လိုဖြစ်နေလဲဆိုတော့ ညှိနှိုင်းတဲ့ စက်ရုံတွေကလည်း ညှိနှိုင်းတယ်။ မညှိနှိုင်းတဲ့ စက်ရုံတွေက ဒီအတိုင်း ထားထားတယ်ပေါ့နော်။ ဘာမှမညှိဘူး။ အဒီလိုမျိုး ဖြစ်နေတယ်။ ညှိနှိုင်းတဲ့ စက်ရုံတွေကျတော့လည်း ဥပမာ-သူတို့တောင်းတဲ့ သုံးသောင်းဆိုရင် ဒီစက်ရုံမှာဆိုရင် ၈၀၀၀ တိုးပေးတယ်။ ဆန်နီမှာဆိုရင် တစ်သောင်းတိုးပေးတယ်။ အဲဒီထက် ဘာမှ တိုးမပေးနိုင်တော့ဘူးပေါ့နော်။ မလုပ်နိုင်ရင် ထွက်ဆိုတဲ့ သဘာမျိုးတွေ ပြောနေတယ်"

မိုးသည်းထန်ပြီး ရာသီဥတု ဆိုးရွားနေတဲ့ကြားက Hi-mo ဆံပင်တုစက်ရုံအပါအဝင် တော်ဝင်မြန်မာ၊ မြန်မာဆန်နီ ဖိနပ်ချုပ်စက်ရုံတွေအပြင် Hallmark ၊ Myth Appeal ၊ Costec စတဲ့ အထည်ချုပ် စက်ရုံတွေမှာလည်း အလုပ်သမားတွေဟာ နေ့စဉ် ဆန္ဒပြ တောင်းဆိုနေကြပါတယ်။

မနေ့က Hall Mart အထည်ချုပ် စက်ရုံမှာတော့ ဆန္ဒပြအလုပ်သမားတွေနဲ့ အလုပ်ရှင်ဘက်က လူတွေအကြား ရိုက်နှက်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။