ရခိုင်အရေး၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး WLB ကြေညာချက်ထုတ်
2017.10.31

ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို အကြောင်းပြပြီး ဘာသာရေးနဲ့ လူမျိုးရေးဝါဒဖြန့် မှိုင်းတိုက် တာတွေကြောင့် ပြည်သူတွေအကြားမှာ လူမှုဘဝ မလုံခြုံမှုတွေ၊ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်စေတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
အကြမ်းဖက်မှုတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာဖြစ်ပြီး ငြိမ်းချမ်းရေးကို မလိုလားတဲ့အဖွဲ့တစ်ဖွဲ့က လုပ်ဆောင်နေတာဖြစ်တယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အထွေထွေ အတွင်းရေးမှူး လွေးပိုးငယ် က ပြောပါတယ်။
"ကျမတို့ဆိုလိုချင်တာက အကြမ်းဖက်မှုရဲ့ နောက်ကွယ်မှာ လှုံ့ဆော်နေတဲ့အဖွဲ့အစည်းရှိကိုရှိရမယ်။ ဒါပေမဲ့ ကျမတို့မှာ တိတိကျကျဘယ်သူဘယ်ဝါဆိုတာ ပြောဖို့တော့ခက်တယ်။ ငြိမ်းချမ်းရေးကို မလိုလားတဲ့အဖွဲ့က ဒါမျိုးတွေ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတယ်လို့ သုံးသပ်မိတယ်"
ဝါဒဖြန့်မှိုင်းတိုက်မှုတွေကြောင့် ပြည်သူလူထုတွေကြား မလုံခြုံမှုတွေ၊ စိုးရိမ်ထိတ်လန့်ကြောက်ရွံမှုတွေ ဖြစ်နေသလို လူမျိုးမတူသူ၊ ကိုးကွယ်တဲ့ဘာသာမတူသူတွေကို မုန်းတီးမှုတွေဖြစ်လာစေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက အရပ်သားအမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအပေါ် အကြမ်းဖက်မှုတွေကိုလည်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)က ရှုတ်ချကြောင်းလည်း ပြောပါတယ်။
ဒါ့အပြင် (၂၁)ရာစုပင်လုံညီလာခံ ကျင်းပချိန်ကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေတဲ့အတွက် စစ်ဘေးတိမ်းရှောင်သူတွေ ပိုမိုများပြားလာနေတာကလည်း စိုးရိမ်ဖွယ်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ဖြစ်လာရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာလည်း အရေးကြီးတဲ့အတွက် လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ တောင်းဆိုလှုံ့ဆော်ကြဖို့ကိုလည်း WLB က တိုက်တွန်းထားပါတယ်။