အိုင်ယာလန် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အတုယူဖို့ ဝန်ကြီးဦးဝင်းထွန်းပြော


2013.04.18
kachin_state_map_305px.jpg မြန်မာနိုင်ငံရဲ့ မြောက်ဖက်ဆုံးတွင်တည်ရှိသော ကချင်ပြည်နယ်သည် အင်အားကြီးအိမ်နီးချင်း တရုတ်၊ အိန္ဒိယနိုင်ငံတို့နဲ့ နယ်နိမိတ်ချင်း ဆက်စပ်နေပါသည်
Map: RFA

ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့ဟာ ဘယ်လ်ဖတ်စ်မြို့မှာ အိုင်ယာလန်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ကြာသပတေးနေ့ မနေ့ညက လန်ဒန်မြို့ကို ပြန်လည်ထွက်ခွာသွားပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့မှာပါဝင်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီး ဦးဝင်းထွန်းက အိုင်ယာလန်မြောက်ပိုင်း ငြိမ်းချမ်းရေးအတွက် သက်ဆိုင်သူတွေအားလုံး ရိုးသားမှုကိုအခြေခံပြီး တွေ့ဆုံဆွေးနွေး လို့ အောင်မြင်ခဲ့ကြတာဟာ မြန်မာပြည် ငြိမ်းချမ်းရေးအတွက် အတုယူစရာဖြစ်တယ်လို့ ဘဲလ်ဖတ်စမြို့လေဆိပ်ကနေ RFA ကို ပြောဆိုခဲ့ပါတယ်။

"နိုင်ငံရေးခံယူချက်တွေကို အသီးသီးရှိကြပေမယ့် တစ်ယောက်ကိုတစ်ယောက် ဖြူဖြူစင်စင်၊ တစ်ယောက်ကိုတစ်ယောက် မလှည့်ပတ်ကြစတမ်းပေါ့လေ၊ တစ်ယောက်ကိုတစ်ယောက် ရိုးရိုးသားသား ဖြူဖြူစင်စင်နဲ့ တိုင်းပြည်ကောင်းဖို့ကို ရိုးရိုးသားသား လုပ်ကြမယ်ဆိုရင် မအောင်မြင်စရာ မရှိဘူးဆိုတဲ့အချက်ကို တွေ့ရှိရပါတယ်"

တဆက်တည်းမှာ ဝန်ကြီးဦးဝင်းထွန်းက ကချင်ပြည်နယ် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အနောက်နိုင်ငံတွေ ပါဝင်တက်ရောက်ရေးကို မိမိတို့ကငြင်းပယ်ခဲ့တာမဟုတ်ပဲ တရုတ်အစိုးရဖက်က ကန့်ကွက်ခဲ့တာဖြစ်တယ်လု့ိပြောပါတယ်။

"တရုတ်ဘက်ကတော့ ကုလသမဂ္ဂရယ်၊ အမေရိကားရယ်၊ ဗြိတိန်က ကိုယ်စားလှယ်တွေကို ဖိတ်တာတော့ သူတို့လိုလားဟန်မပြဘူး၊ မပြဘူးဆိုတာက ကျွန်တော်တို့ကို မပြတာမဟုတ်ဘူး၊ ကချင်ဘက်ကိုမပြတာ၊ ဖိတ်တာက ကချင်ဘက်ကဆိုတော့ ကချင်ဘက်ကို ကန့်ကွက်တယ်၊ ကျွန်တော်တို့ဘက်ကတော့ အနောက်နိုင်ငံကို ကိုယ်စားပြုတဲ့ နိုင်ငံကြီးတွေကိုလည်း လက်ခံတယ်၊ ပြည်တွင်းမှာရှိတဲ့ သတင်းအဖွဲ့အစည်းတွေကော၊ လူမှုရေးအဖွဲ့အစည်းတွေကိုပါ၊ ကျွန်တော်တို့ဘက်က ပွင့်ပွင့်လင်းလင်း လက်ခံတယ်"

ဒါ့အပြင် မြန်မာပြည်နဲ့ တရုတ်နယ်ခြားကနေ သစ်တောနဲ့ သယံဇာတတွေ ခိုးထုတ်နေတာကို လုံခြုံရေးကြောင့် ထိရောက်စွာ တားဆီးနိုင်စွမ်း မရှိသေးဖူးလို့လည်း သူကပြောပါတယ်။

"လုံခြုံရေး အပြည့်အဝမရှိသေးဘူး၊ အစိုးရရဲ့ သြဇာအာဏာ သက်ရောက်မှုနည်းနေတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း တစ်လျှောက်ကတော့ အင်မတန်မှ စိတ်မကောင်းစရာ ကျွန်တော်တို့ရဲ့ သဘာဝပတ်ဝန်းကျင်တွေကို ခိုးယူခံနေရပါတယ်၊ သိသိကြီးနဲ့ခံနေရတာပါ၊ ကျွန်တော်တို့ဘာမှ အရေးယူဆောင်ရွက်နိုင်တဲ့ အနေအထားမရှိပါဘူး"

ဒါပေမယ့် အခြေအနေအားလုံးကို ခြုံငုံကြည့်မယ်ဆိုရင်တော့ မြန်မာနိုင်ငံဟာ မကြာခင်အလျင်အမြန် တိုးတက်လာမှာ ဧကန်ဖြစ်ပါတယ်လို့ ဝန်ကြီးဦးဝင်းထွန်းက ပြောပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီး ဦးဝင်းထွန်းနဲ့ RFA ဆက်သွယ် မေးမြန်းချက် အပြည့်အစုံကို နားဆင်ပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။