တိုင်းနဲ့ပြည်နယ် ၄ ခုမှာ ရေဘေး အန္တရာယ် သတိထားဖို့ ဒေါက်တာ ထွန်းလွင် သတိပေး
2017.07.25

မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသတွေမှာ လာမယ့် စက်တင်ဘာလအထိ မိုးကြီးတာ၊ မြစ်ရေကြီးတာတွေ ဖြစ်နိုင်တယ် လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။
မွန်၊ ကရင်၊ ပဲခူးနဲ့ ရှမ်း စတဲ့ ဒေသတွေကို အရှေ့ဘက်က လေပွေလှိုင်းတွေ ဝင်ရောက်နိုင်တာကြောင့် မိုးကြီးတာနဲ့ မြစ်ရေကြီးတာတွေ ဖြစ်နိုင်တာလို့ ဒေါက်တာထွန်းလွင်က ပြောပါတယ်။
"စက်တင်ဘာလကျော် အောက်တိုဘာလဆန်းအထိ ဖြစ်နိုင်တယ်။ အရှေ့ဘက်ပိုင်းတွေ ဖြစ်ဖို့များတယ်။ ကရင်တို့ မွန်တို့၊ ရှမ်းတို့ နောက်ပြီးတော့ ပဲခူးတို့ အရှေ့ဘက်ကမြစ်တွေ ပိုဖြစ်ဖို့များတယ်။ မြစ်ရေချိန် ပါတယ်၊ အရှေ့ဘက်ကတက်တဲ့ လေပွေလှိုင်းတွေလာဖို့များတယ်။ ဟိုဘက်ကျရင် မုန်တိုင်းအန္တရာယ် သတိထားရမယ်။ အောက်တိုဘာ နိုဝင်ဘာကျရင်နော်။"
ဒီနေ့မှာတော့ ရခိုင်ပြည်နယ်မြောက်ဖျားနဲ့ ချင်းပြည်နယ်တောင်ဖျားတွေမှာ နေရာကွက်ကြား မိုးသည်းနိုင်တဲ့ အခြေအနေတွေရှိတယ်လို့လည်း ဒေါက်တာထွန်းလွင်ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ရှမ်း ၊ နေပြည်တော်၊ ကယား၊ မန္တလေး၊ မကွေး၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ တနင်္သာရီ၊ ကချင်၊ ချင်း၊ ရခိုင်၊ ကရင်နဲ့ မွန် စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ မနေ့က မိုးရွာခဲ့ပြီး တနင်္သာရီ၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ မိုးကြီးခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
မနက်ဖြန်မှာလည်း တနင်္သာရီ၊ ချင်း၊ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ မိုးကြီးနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။