အလုပ်သမားအရေးကိစ္စတွေ ဖြေရှင်းပေးနိုင်မှု အားနည်းနေကြောင်း အလုပ်သမား သမဂ္ဂတွေပြောကြား
2018.09.26

အလုပ်သမား ဝန်ကြီးဌာနက တာဝန်ရှိသူတွေဟာ အလုပ်သမားအရေး ကိစ္စတွေမှာ ဖြေရှင်းပေးနိုင်မှု အားနည်း တာကြောင့် NLD အစိုးရလက်ထက်မှာ အလုပ်သမား ဆန္ဒပြပွဲတွေ အမြောက်အမြားပေါ်ပေါက်လာရကြောင်း အလုပ်သမား သမဂ္ဂတွေက ဒီနေ့ ဝေဖန်ပြောလိုက်ပါတယ်။
အလုပ်သမားတွေ နစ်နာမှုတွေကို အစိုးရက ဝင်ရောက်ဖြေရှင်းပေးဖို့အတွက် လှိုင်သာယာ စက်မှုဇုန်က စက်ရုံ ၄ ရုံနဲ့ ဖုယွင်အထည်ချုပ်စက်ရုံက အလုပ်သမား ၁၀၀ ခန့် ဒီနေ့မနက်က လှိုင်သာယာမြို့နယ်မှာ ဆန္ဒပြရာမှာ နီလာစတား စက္ကူစက်ရုံက အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ ကိုကျော်မျိုး အခုလိုပြောခဲ့တာ ဖြစ်ပါတယ်။
"အခုကျနော်တို့ ၂၀၁၅ NLD အစိုးရတက်လာပြီး နောက်ပိုင်းမှာ ညှိနှိုင်းဖြေရှင်းရေးနည်းနာတွေဟာ အရမ်း ကြာသွားတယ်။ ပြီးတော့ ဥပဒေရဲ့အားနည်းချက် အဲဒီဥပဒေရဲ့ အားနည်းချက်ပေါ်မှာပဲ အလုပ်ရှင်တွေက အခွင့်ကောင်းယူပြီးတော့ အလုပ်သမားသပိတ်တွေကို မကြာကြာအောင် လုပ်တယ်။ ပြီးတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ အဲဒီဝန်ကြီးဌာနတွေမှာရှိတဲ့ ဝန်ကြီးတွေ တိုင်းဦးစီးတွေက အစပေါ့နော် စစ်တပ်က ပြောင်းလာတဲ့ လူတွေချည်းပဲဆိုတော့ ဥပဒေအရ သူတို့တွေမှာ တကယ်တမ်းဖြေရှင်းနိုင်စွမ်းမရှိတဲ့အတွက် ကျနော်တို့ အလုပ်သမားသပိတ်တွေရဲ့ ဖြေရှင်းမှုက အချိန်ကြာလာတယ်။ ပြီးတော့ ဆန္ဒပြမှုတွေ ဆန္ဒထုတ်ဖော်ပွဲ တွေကလည်း အရင် အစိုးရတွေထက်ပိုပြီးတော့ များလာတယ်ပေါ့။ အခုလက်ရှိ ၃ နှစ်ကာလအတွင်းမှာတော့"
ဆန္ဒပြပွဲမှာ အလုပ်သမားတွေက နည်းလမ်းမကျတဲ့ ညှိနှိုင်းဖြေရှင်းမှုတွေကို အလိုမရှိကြောင်း၊ စက်ရုံပိတ်သိမ်း သွားတဲ့ စက်ရုံအလုပ်ရှင်တွေကို အလုပ်သမားဝန်ကြီးဌာန အနေနဲ့ အရေးယူပေးဖို့၊ လွတ်လပ်စွာ အဖွဲ့အစည်း ဖွဲ့စည်းခွင့် ကာကွယ်ပေးရေး၊ အလုပ်သမားသမဂ္ဂ ဖြိုခွင်းတဲ့ အလုပ်ရှင်ကို အရေးယူပေးရေး၊ အာဏာပိုင်တွေ အဂတိမလိုက်စားရေး၊ ဖုယွင် အထည်ချုပ်စက်ရုံက ဆန္ဒပြအလုပ်သမား သပိတ် အမြန်ဆုံး ဖြေရှင်းပေးရေး စတဲ့အချက်တွေကို တောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ လှိုင်သာယာမြို့နယ် အောင်မြေသာယာ ဘောလုံးကွင်းကနေ ရန်ကုန်-ညောင်တုန်းလမ်းအတိုင်း တောင်းဆိုချက်တွေ ကြွေးကြော်ပြီး ချီတက်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။
ဒီနေ့ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်က ဖုယွင် အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာဆိုရင် စက်ရုံရှေ့မှာ သပိတ်မှောက် ဆန္ဒပြနေတာ ရက်ပေါင်း ၄၀ နီးပါးရှိနေပြီဖြစ်ပါတယ်။
ဒါ့ပေမဲ့ အစိုးရတာဝန်ရှိသူတွေနဲ့ စက်ရုံဘက်က အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို ပြေလည်အောင် အခုချိန်ထိ ဖြေရှင်းပေးနိုင်ခြင်းမရှိသေးဘူးလို့လည်း အလုပ်သမားတွေက ပြောပါတယ်။