ဖုယွင်အလုပ်သမားတွေ နိုဝင်ဘာလ ၆ ရက်နေ့ အလုပ် ပြန်ဆင်းခွင့်ရရှိ
2018.10.31

ဖုယွင်အထည်ချုပ်စက်ရုံက သပိတ်စခန်းဖွင့် ဆန္ဒပြနေတဲ့ အလုပ်သမား ၁၀၀ ကျော်ဟာ လာမယ့် နိုဝင်ဘာလ ၆ ရက်နေ့မှာ အလုပ်ပြန်ဆင်းဖို့အတွက် သဘောတူညီမှု ရရှိသွားပြီဖြစ်ပါတယ်။
အလုပ်သမားသမဂ္ဂဝင် အယောက် ၃၀ ကို အလုပ်ကနေ ထုတ်လိုက်ချိန်ကနေ စတင်ခဲ့တဲ့ ဖုယွင်အထည်ချုပ်စက်ရုံ အလုပ်သမားသပိတ်ဟာ ၂ လကျော်ကြာ သပိတ်စခန်းဖွင့် ဆန္ဒပြပြီးချိန်ကနေ ဆန္ဒထုတ်ဖော်မှုတွေ၊ အစိုးရ အဖွဲ့အစည်းတွေ၊ လုပ်ငန်းရှင်တွေနဲ့ အကြိမ်ကြိမ်တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ရပါတယ်။
မနေ့က တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်တိုင် စက်ရုံ လုပ်ငန်းရှင်၊ အလုပ်သမားတွေနဲ့ စက်ရုံကို လာရောက် အလုပ်လုပ်ကိုင်လျက်ရှိနေတဲ့ အလုပ်သမားတွေကို ညှိနှိုင်းတွေ့ဆုံမှုတွေပြုလုပ်ပြီးမှသာ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။
ရက်ပေါင်း ၇၀ ကျော်ကြာမြင့်ခဲ့တဲ့ ဖုယွင်အလုပ်သမားတွေရဲ့ ညှိနှိုင်းမှုတွေ အဆင်ပြေခဲ့တဲ့အတွက် စက်ရုံရှေ့မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။