အသံတိတ်ဆန္ဒပြရာမှာ ပါဝင်ခဲ့တယ်ဆိုပြီး ဈေးဆိုင်တွေမဖွင့်ဖို့ ဖိအားပေးခံနေရ

တစ်နိုင်ငံလုံးမှာ ဒီဇင်ဘာ ၁၀ ရက် မနေ့က အာဏာရှင်ဆန့်ကျင်တဲ့အနေနဲ့ အသံတိတ်သပိတ်လုပ်ခဲ့ပြီးနောက် ဒီနေ့မြို့နယ်တချို့မှာ ဈေးဆိုင်တွေမဖွင့်ဖို့ တားမြစ်ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၁၁ ရက် မနက်က ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် လှည်းတန်းဈေးမှာ စည်ပင်ဝန်ထမ်းတွေက ဆိုင်တွေမဖွင့်ဖို့ လိုက်ပြောတယ်လို့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။
"မနက်တုန်းက မနေ့က မထွက်တာ ဒီနေ့ဘာလို့ထွက်လဲဆိုပြီး ပတ်ရမ်းနေတာ ရှိတယ်။ တောက်လျှောက် လိုက်ပိတ်နေတာမျိုးဗျ။ အခုအခြေအနေအရ (နေ့လယ် ၁၁ နာရီခွဲအထိ) တော့ ဈေးသည်အားလုံး သိမ်းလိုက်ရပြီလို့ ပြောတယ်။ လှည်းတန်း ၆ လမ်းနားက ဖရဲသီးဆိုင်တို့၊ နာရီပြင်ဆိုင်၊ ထီးပြင်၊ ဖိနပ်ချုပ်ဆိုင် တို့ကတော့ ပြောင်းသွားပြီပြောတယ်"
ရန်ကုန်တိုင်း တွံတေးမြို့မဈေးမှာလည်း ဒီနေ့မနက်က ကုန်ဈေးတန်း ဖွင့်လှစ်တာကို စစ်သားတွေက သေနတ်နဲ့ ပစ်ဖောက်ပြီး ပြန်ပိတ်ခိုင်းခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
တွံတေးမြို့နယ်ထဲက ဈေးတွေကို ၇ ရက်တိတိ ပိတ်ထားဖို့ စစ်သားတွေက ပြောတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
ပဲခူးတိုင်း ဒိုက်ဦးမြို့မဈေးကိုလည်း ကိုဗစ်ကာကွယ်ရေးဆိုပြီး အကြောင်းပြချက်နဲ့ ဒီဇင်ဘာ ၁၁ ကနေ ၁၅ ရက်အထိ ယာယီပိတ်ထားဖို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က မြို့နယ်စည်ပင်နဲ့ ဈေးကော်မတီကို အကြောင်းကြားတဲ့ စာတစ်စောင်လည်း ပေါ်ထွက်လာခဲ့ပါတယ်။
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်ထဲက ဈေးတွေကိုလည်း ဒီဇင်ဘာ ၁၁ ရက်ကစပြီး စားသောက်ဆိုင်နဲ့ ဈေးများစစ်ဆေးကြီးကြပ်ရေးအဖွဲ့က စစ်ဆေးပြီး ခွင့်ပြုချက်ရမှ ရောင်းချဖို့ သရက်ချောင်းမြို့နယ် စည်ပင်အဖွဲ့က ဈေးဆိုင်တွေကို အကြောင်းကြားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း မုံရွာမြို့နယ်ထဲက ဈေးတွေကိုလည်း စစ်ကောင်စီတပ်သားတွေက ဒီကနေ့ ပိတ်ခိုင်းခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ဒီဇင်ဘာ ၁၀ ရက် မနေ့က နိုင်ငံတကာ လူ့အခွင့်အရေးနေ့ ကျရောက်တဲ့နေ့မှာ မနက် ၁၀ နာရီကစပြီး စစ်အာဏာရှင်ကို မလိုလားကြောင်း ပြသတဲ့အနေနဲ့ နိုင်ငံတစ်ဝှမ်းက ဈေးဆိုင်ခန်းတွေ ပိတ်သိမ်းတာ၊ လမ်းမပေါ် သွားလာတာကို ရှောင်ရှားတာ စတဲ့ အသံတိတ်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အခုလို ဈေးဆိုင်တွေကို ပိတ်သိမ်းဖို့အတွက် စစ်ကောင်စီဘက်က ဖိအားပေးလာတာ ဖြစ်ပါတယ်။