ဝေဖန်မှုကြောင့် နုတ်ထွက်သွားတဲ့ '၀' ပါတီ ဥက္ကဋ္ဌနေရာမှာ ယာယီဥက္ကဋ္ဌ ခန့်အပ်

2021.08.25
ဝေဖန်မှုကြောင့် နုတ်ထွက်သွားတဲ့ '၀' ပါတီ ဥက္ကဋ္ဌနေရာမှာ ယာယီဥက္ကဋ္ဌ ခန့်အပ် ၂၀၂၀ ဇွန်လ ၂ ရက်နေ့က 'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပန်မြို့တွင် ကျင်းပသည့် "ဝ"အမျိုးသားပါတီ (WNP) ဗဟိုကော်မတီ အစည်းအဝေးတွင် ပါတီဥက္ကဋ္ဌ ဦးဆိုင်ပေါင်းနပ် (ယာ) ကို တွေ့ရစဉ်။
Photo: Wa Nation society lifestyle

စစ်ကောင်စီကို ထောက်ခံကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၈ ခု လက်မှတ်ရေးထိုး ထုတ်ပြန်ရာမှာ ပါဝင်ခဲ့တဲ့ '၀' ပါတီဥက္ကဋ္ဌ ဦးဆိုင်းပေါင်နပ်နေရာမှာ ပါတီရဲ့ဒုဥက္ကဋ္ဌ (၁) ဖြစ်သူ ဦးညီပလုတ်ကို ယာယီဥက္ကဋ္ဌ အဖြစ်ခန့်အပ်ကြောင်း '၀' ပါတီက သြဂုတ်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက ရွေးကောက်ပွဲအသစ် ပြန်ကျင်းပပေးမယ့်အပေါ် ကြိုဆိုကြောင်း နိုင်ငံရေး ပါတီ ၂၈ ခုက သြဂုတ်လ ၄ ရက်နေ့ ပူးတွဲကြေညာချက်မှာ '၀' အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဆိုင်ပေါင်းနပ် ပါဝင်လက်မှတ် ထိုးခဲ့တာပါ။

အခုလို ပါဝင်လက်မှတ်ရေးထိုးတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ပါတီဗဟိုကော်မတီကို တင်ပြတာ မရှိခဲ့တဲ့အတွက် ဒီလုပ်ရပ်ဟာ ပါတီနဲ့ မသက်ဆိုင်ဘဲ ဥက္ကဋ္ဌ ဦးဆိုင်ပေါင်းနပ်ရဲ့ တစ်ဦးတည်း သဘောထားသာ ဖြစ်တယ်လို့ ပါတီဗဟိုကော်မတီဝင် တစ်ဦးဖြစ်တဲ့ ဦးဆိုင်နပ်က အခုလ ၆ ရက်နေ့မှာ ပြောထားပါတယ်။

စုပေါင်းကြေညာချက်မှာ ပါဝင်လက်မှတ် ရေးထိုးခဲ့တဲ့အပေါ် 'ဝ' လူငယ် နဲ့ 'ဝ' လူထုက ကန့်ကွက်တာတွေ ရှိခဲ့ပြီးနောက် ပါတီဥက္ကဋ္ဌ ဦးဆိုင်းပေါင်နပ်ဟာ သြဂုတ်လ ၁၀ ရက်နေ့က ပါတီကနေ နုတ်ထွက်သွားခဲ့ပါတယ်။

လက်ရှိ ပါတီဗဟိုကော်မတီ အဖွဲ့ဝင်တွေ သြဂုတ်လ ၂၀ ရက်နေ့မှာ အွန်လိုင်းကနေ အစည်းအဝေး ပြုလုပ်ပြီး ပါတီကနေ အပြီးပိုင် နုတ်ထွက်သွားတဲ့ ဦးဆိုင်းပေါင်နပ်နေရာမှာ ဒုက္ကဌ (၁) ဖြစ်သူ ဦးညီပလုပ်ကို ပါတီဥက္ကဋ္ဌ အဖြစ်ခန့်အပ်ကြောင်းနဲ့ ပါတီအတွင်း ပြုပြင်ပြောင်းလဲရေးကိစ္စနဲ့ အရေးပေါ်ညီလာခံ ခေါ်ယူနိုင်ရေးအတွက် ကိုပါ ဆွေးနွေးခဲ့တယ်လို့ '၀' ပါတီရဲ့ သြဂုတ်လ ၂၃ ရက်နေ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

'၀' အမျိုးသားပါတီကို ယခင် '၀' အမျိုးသားစည်းလုံးညီညွှတ်ရေးပါတီ၊ '၀' ဒီမိုကရက်တစ်ပါတီ၊ '၀' လစ်ဘရယ် ဒီမိုကရက်တစ် ဖွံ့ဖြိုးတိုးတက်ရေးပါတီ သုံးခုကို စုပေါင်းပြီး ၂၀၂၀ ဧပြီမှာ '၀' အမျိုးသားပါတီ အဖြစ် ရွေးကောက်ပွဲ ကော်မရှင်က ပါတီအသစ်အဖြစ် ပြန်လည် မှတ်ပုံတင် ခွင့်ပြုပေးခဲ့တာပါ။ ပါတီ ရုံးချုပ်ကတော့ '၀' တိုင်း ဟိုပန်မြို့နယ်မှာ ရှိတာဖြစ်ပါတယ်။

နုတ်ထွက်သွားတဲ့ ပါတီဥက္ကဋ္ဌ ဦးဆိုင်ပေါင်နပ်ဟာ ယခင် '၀' ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌဖြစ်ပြီး စစ်တပ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိသူအဖြစ် ဝေဖန်ခံထားရသူပါ။

လက်ရှိယာယီ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဦးညီပလုပ်ကတော့ ယခင် '၀' အမျိုးသား စည်းလုံးညီညွှတ်ရေး ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်ထဲမှာ ပါဝင်ပါတယ်။ သူဟာ '၀' အမျိုးသားပါတီအနေနဲ့ ဖွဲ့ စည်းခဲ့ပြီးနောက် ပြီးခဲ့တဲ့၂၀၂၀ ရွေးကောက်ပွဲမှာ ဟိုပန်မြို့နယ် ပြည်သူ့လွှတ်တော်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင် အနိုင် ရထားတာပါ။

'၀' အမျိုးသားပါတီအနေနဲ့ ပါတီညီလာခံကို ငါးနှစ် တစ်ကြိမ်ခေါ်ယူတာဖြစ်ပြီး ခေါင်းဆောင် အပြောင်းအလဲ တွေ ပါတီလုပ်ငန်းစဉ်တွေကို ချမှတ်ဆွေးနွေးလေ့ ရှိပါတယ်။

နောက်ဆုံးညီလာခံကို ၂၀၂၀ မှာ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ကိုရိုနာကပ်ရောဂါကြောင့် အရေးပေါ်အွန်လိုင်းကနေသာ အစည်းဝေးလုပ်ပြီး ပါတီဥက္ကဋ္ဌနေရာကို ရွေးချယ်ခဲ့ရသလို ပါတီညီလာခံအတွက်ကတော့ ပြင်ဆင်ဖို့ လိုအုံးမယ်လို့ '၀' အမျိုးသား ပါတီတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

'၀' အမျိုးသားပါတီအနေနဲ့ ၂၀၂၀ရွေးကောက်ပွဲမှာ နေရာ ၂၁ နေရာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့ လွှတ်တော် နဲ့ ပြည်နယ်လွှတ်တော် နှစ်နေရာ စုစုပေါင်း သုံးနေရာမှာ အနိုင်ရထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။