မန္တလေး မဟာအောင်မြေမှာ မဲဆန္ဒရှင်စာရင်း ငါးထောင်ကျော် ပိုနေ
2015.10.28

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်မှာ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားတဲ့ မဲပေးခွင့်ရှိသူ စာရင်းမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၅ ထောင်ကျော် ပိုနေတယ်လို့ မန္တလေးတိုင်း အန်အယ်လ်ဒီပါတီက ပြောပါတယ်။
ပိုနေတဲ့ လူတွေစာရင်းကို ကော်မရှင်ဆီ တင်ပြပေမယ့် ဖြေရှင်းပေးတာမရှိဘူးလို့ မဟာအောင်မြေမြို့နယ်ထဲက ရပ်ကွက်ပေါင်း ၂၁ ရပ်ကွက်ကို ကွင်းဆင်းလေ့ လာရာ တွေ့ရှိခဲ့တာကို အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။
"ကျနော်တို့က ဘာအငိုက်မိသွားလဲဆိုတော့ လိုတဲ့သူတွေကိုဖြည့်နေတဲ့အချိန်မှာ မဲစာရင်းကပိုနေတယ်၊ အဲ့ပိုတဲ့ သူတွေကို ကျနော်တို့လိုက်ရှာလိုက်တဲ့အခါ မန္တလေးမဟာအောင်မြေရဲ့ရပ်ကွက်ကြီးတစ်ခုရဲ့ ၁၁ နေရာကို ကျနော်တို့ တိတိကျကျ လိုက်လုပ်လိုက်တဲ့အခါ ပိုနေတဲ့သူတွေတွေ့တယ်၊ ရာခိုင်နှုန်းနဲ့ တိတိ ကျကျပြောရရင် အများဆုံးပိုတဲ့ ရပ်ကွက်တစ်ခုမှာ ၆၈ ရာခိုင်နှုန်းပိုတယ်၊ အနည်းဆုံးပိုတာက ၂၅ လောက်ပိုတယ်၊ သူတို့ပေးတဲ့မဲစာရင်းတိုင်းရေးပြီး စာရွက်တွေ လိုက်ဝေလိုက်တော့ အပိုတွေပါနေတယ်၊ မဲစာရင်းပိုနေတာကို ဘယ်လိုလုပ်ပေးမှာလဲမေးတော့ ဒီကိစ္စကိုဘယ်သူမှမဖြေနိုင်ဘူး၊ ပယ်ဖျက်ပေးပါပြောတော့လည်း ဒီလူတွေရှိနေရင် နာမည်နဲ့ပြောတဲ့၊ ဒီလူတွေကလည်း နိုင်ငံသားဖြစ်တဲ့အတွက် ဒီလူတွေကို မဲမပေးရဘူး ဆိုရင် နိုင်ငံသားအခွင့်အရေးဆုံးရှုံးတယ်၊ ဒီရပ်ကွက်မှာ မနေဘဲနဲ့ ကျနော်တို့ဘယ်လိုပြောပြော ဘာမှလုပ်မပေး ဘူး"
မဟာအောင်မြေမြို့နယ်က မဲပေးခွင့်ရှိသူစာရင်းထဲမှာ ၁၀ နှစ် ကျော်ကြာ မနေထိုင်တော့ဘဲ ပြောင်းရွှေ့သွား သူတွေရဲ့ နာမည်တွေ ပါနေတယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲမှာ မဲမသမာတဲ့နည်းနဲ့ အနိုင်ရရှိသွားမယ်ဆိုရင် ရွေးကောက်ပွဲ ကော်မရှင်ဥပဒေအရ တရားစွဲသွားမှာဖြစ်တယ်လို့ မန္တလေးတိုင်း အောင်နိုင်ရေး ဥက္ကဌ ဦးရွှေလှက ပြောပါတယ်။
ဒါ့အပြင် မြို့နယ်အတော်များများမှာ မဲပေးခွင့်ရှိသူ သောင်းနဲ့ချီ ပိုနေကြောင်းနဲ့ အစိုးရထိပ်ပိုင်းအရာရှိတွေ ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်တွေမှာ သိသိသာသာ ပိုနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုက ပါတီအောင်နိုင်ရေး အဖွဲ့အသီးသီးထံ အသိပေးထားတယ်လို့လည်း သိရပါတယ်။
ပိုနေတဲ့စာရင်းတွေကို အမြန်ဆုံးစိစစ်ဖော်ထုတ်ပြီး သက်ဆိုင်ရာမြို့နယ် ကော်မရှင်ရုံးတွေထံ တင်ပြကြဖို့လည်း တိုက်တွန်းထားပါတယ်။
အဲဒီပိုလျှံနေတဲ့စာရင်းတွေကြောင့် ရွေးကောက်ပွဲနေ့မှာ မဲမသမာမှုတွေ ဖြစ်ပေါ်လာနိုင်တဲ့ အလားအလာရှိတယ်လို့ လည်း ဗဟိုက ပေးပို့တဲ့ အကြောင်းကြားစာမှာ ပါရှိပါတယ်။
ဒေါက်တာဇော်မြင့်မောင်ကို RFA အဖွဲ့သား ဦးခင်မောင်စိုး တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။