မဲစာရင်းပြုစုဖို့ ပရဟိတအဖွဲ့တွေကို စစ်ကောင်စီ ဖိအားပေး
2022.12.27
ရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်းအတွင်း မဲစာရင်းပြုစုရေးလုပ်ငန်းစဉ်မှာ မဖြစ်မနေ ပါဝင်ပေးဖို့ စစ်ကောင်စီဘက်က ပြောဆိုတယ်လို့ ပရဟိတအဖွဲ့တွေက RFA ကို ပြောပါတယ်။
ဒီဇင်ဘာလ ဒုတိယပတ်အတွင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးတွေမှာ ပရဟိတ အဖွဲ့တွေကို ခေါ်ယူတွေ့ဆုံပြီး ပြောဆိုခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပရဟတိအဖွဲ့တစ်ခုရဲ့တာဝန်ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ပရဟိတအဖွဲ့တွေမှာ ဥက္ကဋ္ဌတာဝန်ယူထားတဲ့ သူတွေပေါ့။ သူတို့က အသက် ၅၀ ကနေ ၆၀ ကြား လူကြီးပိုင်းတွေကို ပါဝင်ဖို့ပြောတာ။ တချို့ပရဟိအဖွဲ့တွေက လူငယ်တွေပဲ ဆိုတော့ အဲလိုအဖွဲ့မျိုးကတော့ မပါဘူး။ လူငယ်တွေနဲ့ဦးစီးတဲ့ ပရဟိတအဖွဲ့တွေ ကတော့ လွတ်သွားတာပေါ့။ လူကြီးတွေပါတဲ့ ပရဟိတအဖွဲ့တွေကိုတော့ မဖြစ်မနေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထဲမှာ ပါရမယ်ပြောတယ်”
ပရဟိတအဖွဲ့တွေ အားလုံးပါဝင်တာ မဟုတ်ဘဲ အသက်ကြီးတဲ့သူတွေ ဦးစီးတဲ့ ပရဟိတအဖွဲ့တွေကိုပဲ မဲစာရင်းပြုစုရေးမှာ ပါဝင်ဖို့ညွှန်ကြားခဲ့တာလို့ ဆိုပါတယ်။
ဒီအပြင် ရန်ကုန်တိုင်းအတွင်း ပရဟိအဖွဲ့တွေ လူနာသယ်တာ၊ ဆေးရုံပို့တာနဲ့ အလောင်းသယ်တာတွေအတွက် သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို အကြောင်းကြားဖို့ ဒီနှစ် နိုဝင်ဘာလအတွင်း ပြောဆိုခဲ့တယ်လို့ ရန်ကုန်အခြေစိုက် ပရဟိတအဖွဲ့တွေက ပြောပါတယ်။
စစ်ကောင်စီက ၂၀၂၃ ခုနှစ် သြဂုတ်လမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားပြီး လက်ရှိမှာ မဲစာရင်းကောက်ယူတာနဲ့ လူဦးရေစာရင်းကောက်ယူတာတွေ လုပ်ဆောင်နေပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အပါအဝင် အတိုက်အခံအင်အားစုတွေကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို အသိအမှတ်မပြုဘူးလို့ ကြေညာထား ပါတယ်။