ပြည်က ဖုန်းဆိုင်ဝန်ထမ်းတွေ ဆန္ဒပြ
2016.07.26

ပဲခူးတိုင်း ပြည်မြို့ ဆံတော်ရပ်ကွက်မှာရှိတဲ့ Vivo ဖုန်းအရောင်းဆိုင်မှာ ဝန်ထမ်းတွေကို ဒဏ်ကြေးသတ်မှတ်မယ့် အစီအစဉ်ကို မကျေနပ်လို့ ဆန္ဒပြနေတဲ့ ဝန်ထမ်း ၃၀ နီးပါးနဲ့ အလုပ်ရှင်တို့ဟာ မနက်ဖြန် မြို့နယ်အုပ်ချုပ်ရေးရုံး မှာ တွေ့ဆုံညှိနှိုင်းကြမယ်လို့ ဆန္ဒပြဝန်ထမ်းတွေက ပြောပါတယ်။
သတ်မှတ်ထားတဲ့ အရေအတွက်ကို ပြည့်မီအောင် မရောင်းနိုင်တဲ့ ဝန်ထမ်းတွေကို ဒဏ်ကြေးသတ်မှတ် မှာဖြစ်ကြောင်း စာချုပ်ချုပ်ခိုင်းတာကို မကျေနပ်တာဖြစ်တယ်လို့ ဈေးကွက်ရှာဖွေရေးဝန်ထမ်း ကိုမျိုးဆွေဦး က ပြောပါတယ်။
"စာချုပ်မှာ လက်မှတ်ထိုးရမယ်လို့ပြောတယ်၊ စာချုပ်က အလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ စာချုပ်လည်းမဟုတ်ဘဲနဲ့ ဖုန်းရောင်းအား ၁၀ အောက်လျော့သွားရင် စာမေးပွဲဖြေရမယ်၊ စာမေးပွဲဖြေ လို့အမှတ် ၆၀ အောက်ကျရင် ဆိုင်ပြောင်းရမယ်၊ ၃ ကြိမ်ပြည့်သွားရင် မိမိဘာသာ အလုပ်ထွက်ရမယ်ဆို တဲ့ ကန့်သတ်ချက်မျိုးတွေ သူတို့ကချုပ်ခိုင်းတာပေါ့နော်၊ ကျနော်တို့ကိုအချိန်လေးပေးပါ၊ လက်မှတ်တော့ ထိုးပေးမယ်၊ ကျနော်တို့စဉ်းစားပါရစေဦးလို့ ထပြောတာကို သူတို့ကလက်မခံဘူး၊ လက်မခံဘဲနဲ့ စာချုပ်ကိုထိုးမှာလား၊ မထိုးဘူးလားဆိုပြီး ထိုးမယ်ဆို အလုပ်ဆက်လုပ်၊ မထိုးဘူးဆိုရင် အလုပ်ထွက် ၊ ပြောရမယ်ဆိုရင်တော့ အတင်းကြီးပေါ့ဗျာ"
ဝန်ထမ်းတွေဟာ မနေ့ညကစပြီး ဆိုင်ရှေ့မှာ ထိုင်သပိတ် နဲ့ ဆန္ဒပြကြတာဖြစ်ပါတယ်။
ဆန္ဒပြဝန်ထမ်းတွေဟာ ဥပဒေအရ သတ်မှတ်ထားတဲ့ အခြေခံလုပ်ခလစာ တစ်ရက် ကျပ် ၃၆၀၀ ပေးဖို့၊ တရားဝင် သတ်မှတ်ထားတဲ့ အလုပ်ချိန် ၈ နာရီသာ သတ်မှတ်ဖို့၊ အစိုးရရုံးပိတ်ရက်တွေမှာ ဒဏ်ငွေဖြတ်တောက်ခြင်းမရှိဘဲ အလုပ်ပိတ်ပေးဖို့၊ ဖုန်းရောင်းမှုအပေါ် မူတည်ပြီး ရာခိုင်နှုန်းပေးဖို့တု့ိကို တောင်းဆိုကြတာဖြစ်ပါတယ်။
အဲ့ဒီအရောင်းဆိုင်မှာ အစမ်းခန့် ဝန်ထမ်းတစ်ဦးဟာ တစ်လကျပ် ၇ သောင်းရရှိပြီး အမြဲတမ်းဝန်ထမ်းတွေက တစ်လ ကျပ် တစ်သိန်း ရရှိတာဖြစ်ပါတယ်။