ဗစ်တိုးရီးယားကိစ္စ အမှုမှန်ပေါ်ရေး မန္တလေးမှာ ဆန္ဒပြ

ခေမဏီဝင်း
2019.12.24
victoria-protest-mdy-622.jpg ဗစ်တိုးရီးယား အမှုမှန်အမြန်ဆုံးပေါ်ရေး မန္တလေးမြို့ မနော်ရမ္မကွင်းမှာ ၂၀၁၉ ဒီဇင်ဘာ ၂၄ ရက်နေ့က အရပ်ဘက်အဖွဲ့များ ဆန္ဒပြနေကြစဉ်
Photo: Khaymani Win/RFA

နေပြည်တော်က ကိုယ်ပိုင်ကျောင်းတစ်ခုမှာ ကျောင်းတက်နေတဲ့ ဗစ်တိုးရီးယား ကလေးငယ် လိင်အကြမ်းဖက်ခံခဲ့ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့အနေနဲ့ အမှုမှန်အမြန်ဆုံး ပေါ်ပေါက်လာအောင် ဆောင်ရွက်ဖို့ မန္တလေးမြို့က အရပ်ဘက်အဖွဲ့တွေ စုပေါင်းပြီး မနော်ရမ္မကွင်းမှာ ဒီနေ့ ဆန္ဒပြ တောင်းဆိုကြပါတယ်။

ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်သူ တစ်ယောက်ဖြစ်တဲ့ ကိုဘိုဘိုက အမှန်တရားကိုလိုလားတဲ့ ပြည်သူတွေ ရှိနေတယ်ဆိုတာ သိစေချင်တာကြောင့် တောင်းဆိုပွဲ ကျင်းပတာဖြစ်ကြောင်း ပြောပါတယ်။

“သက်ငယ်မှုဒိန်းတွေက ကျွန်တော်တို့နိုင်ငံမှာ အမြဲတမ်း ဖြစ်နေတယ်။ အဲဒါနဲ့ တစ်လက်စတည်း လက်ရှိ တရားစီရင်ရေး မဏ္ဍိုင်ကလည်း မေးခွန်းထုတ်စရာတွေရှိနေတယ်။ တစ်ဖက်ကလည်း နိုင်ငံမှာက မှုခင်းတွေ အမြဲဖြစ်နေတယ်။ အဲဒီတော့ တရားမျှတမှု ရရှိရေးရယ်၊ အမှန်တရားကိုမြတ်နိုးတဲ့သူတွေ ဒီပွဲကို စီစဉ်ထားတာပါ။”

ဆန္ဒပြပွဲကိုလာရောက်ဝန်းရံတဲ့ မန္တလေးမြို့က မစူးရှရှင်းသန့်က

“ကျင့်ဝတ်ဖောက်ပြီးပြောတဲ့ အာဏာပိုင်တွေအနေနဲ့ ကိုယ့်ရဲ့ကျင့်ဝတ်ကိုသိဖို့၊ ဖောက်ဖျက်လိုက်တဲ့ ကိုယ့်ရဲ့အပြစ်ကို ကိုယ်တိုင်ဝန်ခံပြီးတော့ တရားရုံးမှာပြန်ဖြေရှင်းဖို့၊ ဗစ်တိုးရီးယားတို့ မိသားစုကို အနူးညွတ်တောင်းပန်ဖို့၊ အမှုမှန်ပေါ်ဖို့ ပြုလုပ်ပေးဖို့ တောင်းဆိုချင်တယ်။ ကျမတို့သိချင်တာ ဗစ်တိုးရီးယားရဲ့ အချက်အလက်တွေမဟုတ်ဘူး၊ သူ့ကို ကျူးလွန်တဲ့သူကို သိချင်တာ”
လို့‌ ပြောပါတယ်။



ဗစ်တိုးရီးယားကိစ္စ အမှန်တရားပေါ်ပေါက်ရေး တောင်းဆိုပွဲတွေကို မနက်ဖြန်မှာလည်း ပြင်ဦးလွင်မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

“မဖြစ်သင့်ဘူး ယူဆလို့ ဆက်လုပ်ဆောင်နေပါမှာပါ၊ မနက်ဖြန် ပြင်ဦးလွင်မှာဆိုလည်း ကန်တော်ကြီး ကန်ဘောင်မှာ လမ်းလျှောက်မယ်။ တရားဥပဒေမျှတဖို့ ဆန္ဒဖော်ထုတ်မယ်”

ပြင်ဦးလွင်မြို့ကနေ ဒီနေ့ ဆန္ဒပြပွဲကို လာရောက်ဝန်းရံတဲ့ ဒေါ်မြအေးငြိမ်း ပြောသွားတာပါ။

ကလေးသူငယ်ဥပဒေအရ လုပ်ဆောင်လို့ရတဲ့ နည်းလမ်းတွေကို တရားလွတ်တော်ရှေ့နေ တစ်ယောက်ဖြစ်တဲ့ ဦးစည်သူက အခုလို အကြံပေးပါတယ်။

“ကလေးနဲ့ပတ်သက်လို့ နစ်နာမှုရှိခဲ့မယ်ဆိုရင် နစ်နာသူရဲ့ကိုယ်စား တရားစွဲဆိုခွင့်တွေ ရှိနေတယ်။ ကလေးသူငယ်ဥပဒေအရ  မည်သူမဆို ဆောင်ရွက်ခွင့်ရှိတယ်။ ဗစ်တိုးရီးယားလေး နစ်နာလား၊  နစ်နာရင် သူကိုယ်တိုင်လည်း တရားစွဲနိုင်တယ်။ မိဘအုပ်ထိန်းသူကလည်း စွဲနိုင်တယ်။ နီးစပ်ရာ မိတ်ဆွေတွေကလည်း စွဲနိုင်တယ်။ တိုက်ရိုက်စွဲမလား၊ အစိုးရတင်ပြမလား၊ ဆောင်ရွက်ခွင့်တွေရှိနေတယ်။ ”

အခုလို ဆန္ဒထုတ်ဖော်ပွဲတွေကို မနေ့ကလည်း ရန်ကုန်မြို့မှာကျင်းပခဲ့ပြီး နောက်ရက်တွေမှာလည်း ပြင်ဦးလွင်မြို့အပြင် ရွှေဘိုမြို့မှာလည်း ကျင်းပသွားမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒီကနေ့ တောင်းဆိုတဲ့ပွဲမှာတော့ လူအင်အား ၁၀၀ ကျော်ပါဝင်ခဲ့ကြပြီး ကျင့်ဝတ်ဖောက်ဖျက်သူများ အရေးယူပေးရေး၊ ကလေးသူငယ်တွေရဲ့အနာဂတ်ကိုစာနာဖို့၊ ကလေးငယ်တွေအပေါ် လိင်အလွဲသုံးစား ပြုလုပ်တာတွေ အလိုမရှိ၊ နိုင်ငံသားတစ်ဦးချင်းစီရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်တွေ မချိုးဖောက်ရေးဆိုတဲ့ အချက်တွေကို တောင်းဆိုခဲ့ကြပါတယ်။

ဗစ်တိုးရီးယား အမှုကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ ၁၉ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကလေးအမည်ကို ထုတ်ဖော်ပြောဆိုခဲ့တာတွေဟာ ကလေးသူငယ် အခွင့်အရေးကို ချိုးဖောက်ရာ ရောက်တာကြောင့် လိုအပ်သလို အရေးယူပေးဖို့ဆိုတဲ့ တောင်းဆိုချက်ကို ဆန္ဒပြပွဲ တက်ရောက်လာသူတွေ လတ်မှတ်ထိုး တောင်းဆိုခဲ့ကြပါတယ်။

ဒီနေ့ရရှိတဲ့ လက်မှတ်တွေကို သိမ်းဆည်းထားပြီး အခြားမြို့တွေက လတ်မှတ်တွေနဲ့ စုပေါင်းပြီး နိုင်ငံတော်သမ္မထံကို ပေးပို့သွားမယ်လို့ သိရပါတယ်။

ဗစ်တိုးရီးယားကိစ္စ သတင်းစာရှင်းလင်းပွဲမှာ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ဝေဖန် ပြောဆိုချက်တွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပေမယ့် ရဲတပ်ဖွဲ့အနေနဲ့ ဒီနေ့အချိန်အထိ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုတာကို မတွေ့ရသေးပါဘူး။

ဒီနေ့မှာလည်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးသူစိုးနဲ့ ပြည်ထဲရေးဝန်ကြီးဌာန သတင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးကျော်သီဟတို့ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။