Ve Ve စက်ရုံ အလုပ်သမား ၈၀ ကျော် ဆန္ဒပြ
2018.01.31

မန္တလေး စက်မှုဇုန်မှာရှိတဲ့ Ve Ve အချိုရည် စက်ရုံက အလုပ်သမား ၈၀ ကျော်ဟာ လုပ်သက်နှစ်တိုးကြေး ရရှိဖို့၊ လုပ်သက်ခွင့်ရရှိဖို့ အပါအဝင် အလုပ်သမား အခွင့်အရေး ၁၅ ချက်ကို စက်ရုံရှေ့မှာ ဆန္ဒပြ တောင်းဆိုကြပါတယ်။
Ve Ve အချိုရည်စက်ရုံမှာ လုပ်သက်ခွင့် မရရှိတဲ့အကြောင်း ဆန္ဒပြဝန်ထမ်း မဆွေဇင်မိုးက အခုလိုပြောပါတယ်။
"စာချုပ်ချုပ်တယ်၊ ညီမလေးတို့ကို စာအုပ်လည်း မဖတ်ခိုင်းဘူး၊ အချိန်တွေကလည်း ညီမလေးတို့ အချိန်တွေ မဟုတ်ဘူး၊ ညီမလေးတို့ အချိန်တွေကို ပြောင်းပေးဆိုတော့ ပြောင်းတော့ပေးထားတယ်၊ ပြီးတော့ လက်မှတ်ထိုး ခိုင်းတယ်၊ ညီမလေးတို့က နားမလည်တဲ့ဟာမေးတယ်၊ ရှောင်တခွင်ဆိုတာ ၆ ရက်၊ လုပ်သက်ခွင့်ဆိုတာ ၁၀ ရက် သူပြောတာ တဆက်တည်းနားခွင့်ရှိတယ် တစ်နှစ်ပြည့်ရင် ၁၀ ရက်လို့ ညီမလေးတို့က အဲဟာကို ဘာလဲ တုန်းမေးတော့ ရှောင်တခွင်နဲ့ လုပ်သက်ခွင့်ကိုရောပြီးတော့ ခွဲမပြောဘူး၊ ညီမလေးတို့ကို ပေးလည်းမပေးဘူး"
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့ ယူနီဖောင်းတွေကို ပြောင်းလဲပေးဖို့၊ နားနေဆောင် တွေ ရရှိဖို့၊ ကုန်တင်ကုန်ချအလုပ်တွေကို အမျိုးသမီးဝန်ထမ်းတွေကို မခိုင်းဖို့၊ အလုပ်သမားဆန္ဒမပါဘဲ မြို့၊ ဌာနမပြောင်းရွေ့ဖို့၊ နှစ်တိုးကြေးတွေရရှိဖို့ စတဲ့ အချက်တွေကို တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
အခုလို အလုပ်သမားတွေ ဆန္ဒထုတ်ဖော်နေတာနဲ့ ပတ်သက်ပြီး Ve Ve အချိုရည်စက်ရုံထံ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် တာဝန်ယူ ဖြေကြားပေးမယ့်သူ မရှိခဲ့ပါဘူး။
အဲဒီစက်ရုံမှာ အလုပ်သမား ၅၀၀ လောက်ရှိပြီး တစ်လကို လစာ ငွေကျပ် တစ်သိန်းရှစ်ထောင် ရရှိကာ အချိန်ပို တစ်နာရီကို ငွေကျပ် ၉၀၀ ရရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။