Ve Ve ဆန္ဒပြ အလုပ်သမားခေါင်းဆောင်တွေကို အမှုဖွင့်
2018.02.01

လုပ်သက် နှစ်တိုးကြေးနဲ့ လုပ်သက်ခွင့်ရရှိရေး အပါအဝင် အချက် ၁၅ ချက်ကို ဆန္ဒပြတောင်းဆိုနေတဲ့ မန္တလေး Ve Ve အချိုရည်စက်ရုံ အလုပ်သမားတွေထဲက ဦးဆောင်သူ ၆ ယောက်ကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၄၁ ၊ မတရား တားဆီးကန့်ကွက်မှုနဲ့ စက်ရုံစီမံမန်နေဂျာက ပြည်ကြီးတံခွန်ရဲစခန်းမှာ မနေ့က အမှုဖွင့်လိုက်ပါတယ်။
အဲဒီလို အမှုဖွင့်ထားတယ်လို့ ကြားသိရပေမယ့် ရဲတပ်ဖွဲ့ အခုထိ အကြောင်းကြားလာတာ မရှိသေးဘူးလို့ ဆန္ဒပြရာမှာပါဝင်တဲ့ အလုပ်သမား မဝင်းဝင်းခိုင် က ပြောပါတယ်။
အမှုဖွင့်လှစ်ထားခြင်းခံရတဲ့သူတွေကတော့ မသီတာလင်း၊ မသန္တာစိုး၊ မဝါဝါဖြိုး၊ မအေးသန်းဦး၊ မအိအိဖြိုးနဲ့ မမေသူဇင်တို့ ဖြစ်ပါတယ်။
မန္တလေး Ve Ve အချိုရည်စက်ရုံက အလုပ်သမား ၈၀ ကျော်လောက်ဟာ လုပ်သက် နှစ်တိုးကြေးနဲ့ လုပ်သက်ခွင့် ရရှိရေး အပါအဝင် အချက် ၁၅ ချက် ရဖို့အတွက် ဇန်နဝါရီလ ၃၁ ရက်နေ့ မနေ့က စတင်ပြီး စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့်ကာ တောင်းဆိုနေကြတာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဆန္ဒပြ အလုပ်သမား ၁၀၀ ကျော်အထိ ရှိလာပြီဖြစ်ပါတယ်။
မနေ့က အလုပ်သမားတွေနဲ့ စက်ရုံ တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးရာမှာ အလုပ်သမားတွေ တောင်းဆိုတဲ့ အချက် ၁၄ ချက်ကို လိုက်လျောထာပြီး ညှိနှိုင်းဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နေကြတယ်လို့ သိရပါတယ်။သဘောတူ ညီဖို့ ကျန်နေတဲ့ အချက်ကတော့ နှစ်တိုးကြေးပေးဖို့ ဖြစ်ပါတယ်။
အလုပ်သမားတွေ ဆန္ဒပြတဲ့ ကိစ္စနဲ့ပတ်သက်ပြီး Ve Ve အချိုရည်စက်ရုံ တာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တာဝန်ယူဖြေကြားပေးမယ့်သူ မရှိခဲ့ပါဘူး။
မန္တလေး Ve Ve အချိုရည် စက်ရုံမှာ အလုပ်သမား ၅၀၀ လောက်ရှိပြီး အလုပ်သမား တစ်ယောက်ကို လစာ ငွေကျပ် တစ်သိန်းရှစ်ထောင် ရရှိကာ အချိန်ပို တစ်နာရီကို ငွေကျပ် ၉၀၀ ရရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။