သန်းခေါင်စာရင်း သပိတ်မှောက် ရင် မှောက်သူသာနစ်နာမယ်လို့ ဝန်ကြီးပြော


2014.04.02
census-muslim-622.jpg ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ၂၀၁၄ မတ်လ ၃၁ ရက်နေ့က မွတ်စလင်တွေကို သန်းခေါင်စာရင်း ကောက်ခံနေစဉ်
photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်က မွတ်စလင်တွေအနေနဲ့  ရိုဟင်ဂျာအမည် နဲ့ ဖြည့်သွင်းခွင့်မရတဲ့ အတွက် သန်းခေါင် စာရင်းကောက်ယူမှုတွေကို သပိတ်မှောက်မယ်ဆိုရင် မိမိတို့ရဲ့ အခွင့်အရေးတွေသာ ဆုံးရှုံးနစ်နာမှာ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ပြောကြား ပါတယ်။

မတ်လ ၃၀ ရက်နေ့က စတင်ပြီး ရခိုင်ပြည်နယ် မှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာမှာ အစိုးရက ရိုဟင်ဂျာလို့ ဖြည့်သွင်းရေးသားခွင့်မပေးတဲ့ အတွက်  ရိုဟင်ဂျာအဖြစ် ထည့်သွင်းလိုသူတွေ က သန်းခေါင်စာရင်း ကောက်ယူတာကို ငြင်းဆန်နေ တာတွေနဲ့ ပတ်သက်ပြီး RFA က ဆက်သွယ် မေးမြန်း ရာမှာ ဦးရဲထွဋ်က ပြောကြားခဲ့တာပါ။

"မထည့်ဘူးဆိုရင်လဲ သူတို့အတွက်ပဲ ဆုံးရှုံးမှုပဲဖြစ်မှာပေါ့ ဘာလို့လဲဆိုတော့ သူတို့ရဲ့လူမှုစီးပွား ဘဝအခြေ အနေတွေ မြေယာပိုင်ဆိုင်မှု အခြေအနေတွေ လူဦးရေ အရေအတွက်တွေက အဲ့ဒီဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အစိုးရကပဲလုပ်လုပ် နိုင်ငံတကာ အဖွဲ့အစည်းကပဲလုပ်လုပ် အခြေခံရမဲ့အဓိကအချက်တွေပဲ ဒီလိုအချက်မျိုးတွေမှာ သူတို့မပေးသွင်းဘူးဆိုရင် ဒါသူတို့ ဒီအခွင့်အရေးကို ဆုံးရှုံးသွားမှာပေါ့ နစ်နာတာလဲသူတို့ပဲဖြစ်မှာပေါ့"

စစ်တွေမြို့နယ် သဲချောင်းကျေးရွာက မူဆလင်ခေါင်းဆောင် ဦးအာဘူလု က အစိုးရအနေနဲ့ သန်းခေါင်စာရင်းမှာ လိုအပ်တဲ့အချက်တွေကို လွတ်လပ်စွာရေးသားခွင့်ပြုတယ်ဆိုပြီး လက်တွေ့မှာ ရိုဟင်ဂျာဆိုတဲ့အမည်ကို ထည့်သွင်းရေးသားခွင့်မပြုတာကြောင့် သပိတ်မှောက်ရတာဖြစ်တယ်လို့  ပြောပါတယ်။

အလားတူ ဘူးသီးတောင် မောင်တောမြို့နယ်က မွတ်စလင်တွေကလဲ ရိုဟင်ဂျာ အဖြစ် ဖြည့်သွင်းခွင့် မရလို့ သန်းခေါင်စာရင်းကို သပိတ်မှောက်နေကြတယ်လို့ သိရပါတယ်။ ၂ဝ၁၄ သန်းခေါင်စာရင်းပုံစံမှာ ရိုဟင်ဂျာဆိုတဲ့ အမည်ကို ထည့်သွင်းခွင့်ပြုမှာ မဟုတ်ကြောင်း မတ်လ ၂၉ ရက်မှာ  အစိုးရက တရားဝင်ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။