အခြေခံဥပဒေ ပြင်ဆင်ဖို့သာ ဆန္ဒရှိကြောင်း ဝတပ်ဖွဲ့ ထုတ်ဖော်ပြောဆို
2013.10.05

မြန်မာနိုင်ငံမှာ အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အင်အားစုဖြစ်တဲ့ UWSA ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်အနေနဲ့ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အသစ်ပြန် လည်ရေးဆွဲတာထက် ပြင်ဆင်သင့်တာတွေ ကို ပြင်ဆင်ဖို့သာ သဘောထားဆန္ဒရှိကြောင်း RFAကို ဒီကနေ့ ထုတ်ဖော်ပြောဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး UWSA ဌာနချုပ်ရှိတဲ့ ပန်ဆန်းမြို့မှာ မနေ့က လာရောက်ဆွေးနွေးတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုတိယဥက္ကဌ ဦးသိန်းဇော်ကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တပြည်လုံးအတိုင်းအတာနဲ့ ပြုလုပ်မယ့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲကို တရားဝင်ဖိတ်ကြားပါက UWSA ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့အနေနဲ့ တက်ရောက်မှာဖြစ်တယ်လို့ ပြောပါတယ်။
အလားတူ ဆွေးနွေးပွဲအတွက် ဆွေးနွေးမယ့်အချက်တွေကို ကြိုတင်ရရှိထားဖို့လိုတယ်လို့ UWSA ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က ပြောပါတယ်။
“ကျနော်တို့ရဲ့ သဘောထားက နိုင်ငံတော်အစိုးရကနေပြီးတော့ ဒီအစည်းအဝေးမှာ ဆွေးနွေးမယ့် အချက်အလက်တွေ၊ လက်မှတ်ထိုးမယ့် အချက်အလက်တွေကို တိုင်းရင်းသား အဖွဲ့အစည်းတွေ အားလုံးကို အစည်းအဝေးမတိုင်ခင် ကြိုတင်ဖြန့်ဝေပြီးတော့ ဆွေးနွေးညှိနှိုင်းသွားဖို့လိုပါတယ်၊ အောက်ခြေ မှာေဆွးနွေးပြီးတော့ အားလုံးကလက်ခံတယ်၊ သဘောတူတယ်၊ လက်မှတ်ရေးထိုးနိုင်တယ်ဆိုတဲ့ ဒီအဆင့်အထိရောက်လို့ရှိရင် အကောင်းဆုံးပဲ၊ အအောင်မြင်ဆုံးပဲလို့ ကျနော်တို့ယူဆတယ်”
ဒါ့အပြင် ဆွေးနွေးပွဲမှာ သဘောမတူတဲ့အဖွဲ့ကိုချန်ပြီး သဘောတူသူတွေနဲ့ လက်မှတ်ရေးထိုးမယ်ဆိုတဲ့မူကို လက်မခံကြောင်း၊ အားလုံးသဘောတူညီချက်နဲ့သာ ဆောင်ရွက်ဖို့လိုကြောင်း ပြောပါတယ်။
ပန်ဆန်းမြို့ဌာနချုပ်မှာ UWSA အဖွဲ့နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ဦးသိန်းဇော်တို့ ဆွေးနွေးခဲ့တာတွေနဲ့ပတ်သက်လို့ UWSA ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
နိုဝင်ဘာလအတွင်း အစိုးရပြုလုပ်မယ့် တပြည်လုံးအတိုင်းအတာနဲ့အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲကို တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစုဖြစ်တဲ့ UNFC ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်လ်ကောင်စီ တက်ရောက်ရေးနဲ့ ပတ်သက်လို့ UNFC အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဖဒိုဒေးဗစ်တာကပေါကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။