ကန့်ကွက်ခံ မာန်အောင် လွှတ်တော်ကိုယ်စားလှယ် အနိုင်ရ
2017.01.07
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီ ၆ ရက်နေ့ မနေ့ကရက်စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ ကြေညာချက်မှာ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်စိန်က ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ယင်းမဲဆန္ဒနယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် အဖြစ်ရွေးချယ်ခံခဲ့ရတဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)က ဦးတင်နု(ခ) ဦးတင်နုအောင် အပေါ် မဲတွေ မတရားရရှိခဲ့တယ်ဆိုပြီး ကန့်ကွက်လွှာတင်သွင်းခဲ့ကြောင်း၊ အဲဒီအမှုကို ကြားနာစစ်ဆေးနေစဉ် လျှောက်ထားသူ ဦးအောင်စိန်
ကွယ်လွန် သွားခဲ့ကြောင်း၊ အဲဒီနောက် ကွယ်လွန်သူ ဦးအောင်စိန်အစား(ရခိုင်အမျိုးသားပါတီ) က ဦးသန်းမောင်နဲ့ ဦးအောင်စိန်ရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ် ဦးသန်းဝင်း တို့ကလည်း အလားတူကန့်ကွက်လွှာတွေ ထပ်မံ တင်သွင်းခဲ့ကြောင်း၊ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က အဲဒီ ကန့်ကွက်မှုတွေကို စစ်ဆေးပြီးနောက် ဦးတင်နု(ခ) ဦးတင်နုအောင် အား ရွေးကောက်တင်မြှောက်ခြင်းသည် ပျက်ပြယ်ခြင်းမရှိ တရားဝင်အတည်ဖြစ် ပြီး လျှောက်ထားသူများ၏ ကန့်ကွက်လွှာကို တရားစရိတ်နှင့်တကွပယ်ကြောင်း ဇန်နဝါရီ ၆ ရက်နေ့မှာ အမိန့်ချ မှတ်ခဲ့ကြောင်း ဖေါ်ပြထားပါတယ်။
အခု ဆုံးဖြတ်ချက်အရ ကန့်ကွက်လွှာ လျှောက်ထားသူတွေက တရားစရိတ်ငွေကျပ် တစ်သိန်းစီကို လျှောက်ထားခံ ရသူ ဦးတင်နု ခေါ် ဦးတင်နုအောင်ကို ပေးရမယ်လို့လည်း သိရပါတယ်။