နိုင်ငံရေးနည်းလမ်းနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ဖို့ သမ္မတ တိုက်တွန်း


2013.10.01
utheinsein-305.jpg နေပြည်တော်မှာ ဇွန် ၂၆ နေ့ကကျင်းပခဲ့တဲ့ စီမံကိန်းကော်မ ရှင် အစည်းအဝေးတွင် သမ္မတဦးသိန်းစိန်ကို တွေ့ရစဉ်
photo: President Office Website

ခိုင်မာတဲ့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ခုတည်းနဲ့ မလုံလောက်ဘဲ နိုင်ငံရေးနည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ လိုအပ်တယ်လို့ သမ္မတ ဦးသိန်းစိန်က ဒီနေ့ပြောလိုက် ပါတယ်။

ဒီနေ့ မနက်က သမ္မတဦးသိန်းစိန်ရဲ့  ပြည်သူတွေကို လစဉ်ပြောကြားတဲ့ မိန့်ခွန်းမှာ ခုလိုထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တစ်ပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ သဘောတူပြီးတာနဲ့ တစ်ပြိုင်နက် နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ကို လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်း မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ၂၁ရက် နိုင်ငံတကာငြိမ်းချမ်းရေးနေ့က မြို့ကြီးတွေမှာ ငြိမ်းချမ်းရေးပွဲတွေ ကျင်းပခဲ့တာကို အားရကျေနပ်မိကြောင်းလည်း ဦးသိန်းစိန်ကပြောပါတယ်။

"ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်လို့ ထူးခြားချက်တစ်ရပ်ကတော့ ဒီနှစ် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့မှာ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ မြစ်ကြီးနား အစရှိတဲ့ မြို့ကြီးတွေမှာ ငြိမ်းချမ်းရေးပွဲတော်တွေ ကို ပြည်သူလူထုရဲ့  ဆန္ဒအမှန်တွေကိုထင်ဟပ်ပြီး ရဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့ပြင်းပြတဲ့ဆန္ဒ ကနေ ပေါက်ဖွားလာတဲ့ တက်ကြွလှုပ်ရှားမှုတွေ၊ အနုပညာလှုပ်ရှားမှုတွေကို ကျနော့်အနေနဲ့ အားရကျေနပ်မိပါတယ်၊ ပြည်သူလူထုပါဝင်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ အောင်မြင်မှုရရှိရန်ဖြစ်တယ်လို့ ကျနော့်အနေနဲ့ ယုံကြည်ပါတယ်"

ဒါ့အပြင် သမိုင်းဝင်မယ့် နိုင်ငံတည်ဆောက်ရေးတွေလုပ်နေချိန်မှာ သတင်းမီဒီယာတွေအနေနဲ့ မီဒီယာလွတ်လပ်ခွင့်ကိုခုတုံးလုပ်ပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာတွေ၊ မီဒီယာစည်းကမ်းနဲ့ မညီညွှတ်တာတွေ မလုပ်ကြဖို့လည်း အဲဒီမိန့်ခွန်းထဲမှာ တိုက်တွန်းပြောကြားခဲ့ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။