အသွင်ကူးပြောင်းရေးမှာ တပ်မတော်လိုအပ်နေဆဲလို့ သမ္မတ ဦးသိန်းစိန် ပြောကြား


2014.03.26
utheinsein-speech-305.jpg မတ်လ ၃ဝ ရက်နေ့မှာ အစိုးရသက်တမ်း ၃ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ သမ္မတ ဦးသိန်းစိန်ဟာ မတ်လ ၂၆ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ မိန့်ခွန်းပြောကြားစဉ်
photo: Myo Thant Khaing/RFA

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍ ရှိနေရဦးမှာဖြစ်သလို နိုင်ငံရေး ပြဿနာတွေ ကို နိုင်ငံရေးနည်းနဲ့ ညှိနှိုင်းအဖြေရှာတဲ့ စားပွဲဝိုင်းတွေမှာ လည်း တပ်မတော်ဟာ ဆက်လက်ပါဝင်နေဖို့ လိုအပ် ဆဲဖြစ်တယ်လို့  နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ပြောကြားတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

အစိုးရသက်တမ်း ၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ မိန့်ခွန်းပြောကြားစဉ် အခုလို ပြောခဲ့တာပါ။

"နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် တပ်မတော်ဟာ ခေတ်မီတောင့်တင်းခိုင်မာဖို့ အရေးကြီးပါတယ်၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ ရှိနေရဦးမှာဖြစ်ပါတယ်၊ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ညှိနှိုင်းအဖြေရှာတဲ့ စားပွဲဝိုင်းတွေမှာလည်း တပ်မတော်ဟာ ဆက်လက်ပါဝင်နေဖို့ လိုအပ်ဆဲပဲဖြစ်ပါတယ်၊ တပ်မတော်ရဲ့ အခန်းကဏ္ဍ တဖြည်းဖြည်းခြင်းလျော့ချဖို့၊ ပြည်တွင်းငြိမ်းချမ်းရေး တိုးတက်ရရှိလာဖို့နဲ့ ချိန်ဆဆောင်ရွက်သွားဖို့ကိုလည်း ဒီမိုကရေစီရင့်သန်မှုနဲ့ ဆောင်ရွက်ကြရမှာဖြစ်ပါတယ်"

ပြီးခဲ့တဲ့ ၃ နှစ်လောက်ကဆိုရင် နိုင်ငံတကာက မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ နောက်ကြောင်း ပြန် လှည့်သွားမလားဆိုပြီး သံသယတွေရှိခဲ့ကြကြောင်း၊ လက်ရှိမှာ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဆက်လက် လျှောက်လှမ်းနေဆဲ ဖြစ်ကြောင်နဲ့ ရှေ့ဆက်ခရီးအတွက် အားလုံးက လက်တွဲဆောင်ရွက်သွားရ မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် ပြည်တွင်း ငြိမ်းချမ်းရေးရရှိဖို့အတွက် တိုင်းရင်းသား အခွင့်အရေး၊ ပြည်နယ်အခွင့်အရေးတွေကိုလည်း တိုးမြှင့်ပေးဖို့ လိုအပ်ကြောင်းလည်း ပြောကြားခဲ့သလို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အခြေခံဥပဒေပါ ပြဌာန်းချက် ၁၂ နဲ့ အညီ ဆောင်ရွက်ရမယ်လို့ လည်း ပြောခဲ့ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အခန်း ၁၂ အရ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ဆိုရင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၇၅% ကျော်ထောက်ခံမဲနဲ့ ပြင်ဆင်ရမယ်လို့ ပြဌာန်းထားတာ ဖြစ်ပါတယ်။

ဒီနေ့ နိုင်ငံတော်သမ္မတ မိန့်ခွန်းပြောကြားတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်ကိုယ်စားလှယ်အားလုံး တက်ရောက်ခဲ့ကြပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရ သက်တမ်း ၃ နှစ်ပြည့် အထိမ်းအမှတ် ပြောကြားချက်တွေကို RFA အဖွဲ့သား ဦးဝင်းနိုင် ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရ (၃)နှစ်သက်တမ်းအတွင်း ဆောင်ရွက်ချက်တွေအပေါ် နိုင်ငံရေးသမားတွေရဲ့ အမြင်တွေကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။