သမ္မတ ဦးသိန်းစိန်နဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) တွေ့ဆုံ
2014.08.01

ဖမ်းဆီးခံထားရတဲ့ သတင်းမီဒီယာသမားတွေနဲ့ စစ်ဆေးမေးမြန်းခံရတဲ့ သတင်းမီဒီယာသမားတွေ နစ်နာမှုမရှိအောင် အစိုးရက ကြိုးပမ်းဆောင် ရွက်ပေးသွားဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) နဲ့ ဒီကနေ့ တွေ့ဆုံစဉ် သဘောတူခဲ့ကြောင်း သိရပါတယ်။
နေပြည်တော်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က တာဝန်ရှိသူတွေကို လက်ခံတွေ့ဆုံစဉ်မှာ သဘောတူ ခဲ့တာဖြစ်ကြောင်း ဒီနေ့ တွေ့ဆုံရာမှာပါဝင်တဲ့ စာရေးဆရာ ဦးဇော်သက်ထွေးက ပြောပါတယ်။
"လက်ရှိဖမ်းဆီးခံရတာတွေ ထောင်ချခံရတာတွေ စစ်ဆေးမေးမြန်းခံရတာတွေနဲ့ ပတ်သက်ပြီးတော့ သတင်းထောက်တွေ ကာယကံရှင်တွေ နစ်နာမှုမရှိဖို့ အစိုးရကနေ ဒီအပေါ်မှာ သေချာလေ့လာပြီးတော့ အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုပြီးတော့ ကျနော်တို့ သဘောတူညီချက်ရပါတယ်"
သတင်းသမားတွေနဲ့ အစိုးရအကြား အထင်အမြင်လွဲမှားမှုတွေ မယုံကြည်မှုတွေမဖြစ်အောင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးမဏ္ဍိုင်က တာဝန်ရှိသူတွေနဲ့ သတင်းသမားတွေအားလုံးပါဝင်တဲ့ ညီလာခံကျင်းပသွားဖို့ ကို နိုင်ငံတော်သမ္မတနဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) တို့အကြား သဘောတူညီမှုရခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အစိုးရဌာနတွေမှာ သတင်းရယူမှု အခက်အခဲဖြစ်နေတာတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းနိုင်ဖို့ နည်းလမ်းသစ် တစ်ခုရေးဆွဲပြီး သတင်းထုတ်ပြန်ပေးသွားမယ်လို့လည်း နိုင်ငံတော်သမ္မတက ကတိပေးခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) နဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ ဒီနေ့တွေ့ဆုံရာမှာ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်လည်း တက်ရောက်ခဲ့ပါတယ်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေးကို RFA သတင်းထောက် ကိုမျိုးဇော်ကို ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။