စစ်တွေမြို့မိမြို့ဖတစ်ဦး တပ်မတော် (ရေ)အရာရှိနဲ့ တပ်သားတချို့ကို အမှုဖွင့်


2017.04.27
sittwe-police-station-620.jpg ရခိုင်ပြည်နယ် စစ်တွေမြို့မရဲစခန်းကို တွေ့ရစဉ်
Photo:Min Thein Aung/RFA

ရခိုင်ပြည်နယ် စစ်တွေမြို့ မြို့မိမြို့ဖ ဦးသာစိန်က တပ်မတော်(ရေ) အရာရှိနဲ့ စစ်သည်တွေဟာ သူ့အပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တယ်ဆိုပြီး စစ်တွေမြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားလိုက်ပါတယ်။

မြို့မိမြို့ဖအဖွဲ့ ဥက္ကဌ ဦးသာစိန်က ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့မှာ အမှုဖွင့်တိုင်ကြားထားတာဖြစ်ပြီး လက်ရှိမှာတော့ ဒီကိစ္စအပေါ် တပ်မတော်(ရေ)ကို အကြောင်းကြားထားတယ်လို့ စစ်တွေမြို့မရဲစခန်းမှူး ဒုရဲမှူးရန်နိုင်လတ် က ပြောပါတယ်။

"သူဖွင့်တဲ့ပုဒ်မကတော့ ၂၉၄၊ ၅ဝ၆၊ ၃၅၂၊ ၃၈၂ သူကတော့ဗျာ သူ့ဆိုင်ကယ်ကို လုတယ်လို့တိုင်တယ်၊ သူ့ကိုဆဲတယ်ပေါ့ဗျာ၊ ခြိမ်းခြောက်တယ်၊ နောက်တစ်ခါ သူ့ကိုလက်ရောက်မှု ကျူးလွန်တယ်၊ အသရေဖျက်တယ်၊ ဒီလိုပဲ ဦးသာစိန်က လာတိုင်တယ်၊ တိုင်တာနဲ့ပတ်သက်လို့ ဒါလေးကိုသိရှိနိုင်ရန်နှင့် အကြောင်းကြားသည်ဆိုပြီးတော့ အကြောင်းကြားထားတယ်"

ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက် သြင်္ကန်အတက်နေ့မှာ စစ်တွေမြို့ ပြည်တော်သာရပ်ကွက် ဓညဝတီရေတပ်စခန်း ခြံစည်းရိုးမှာဆောက်လုပ်ထားတဲ့ ရေကစားမဏ္ဍပ်မှာ မြို့မိမြို့ဖအဖွဲ့ဥက္ကဌ ဦးသာစိန်နဲ့ တပ်မတော်အရာရှိ၊ စစ်သည်တွေ စကားများခဲ့ကြတာဖြစ်ပါတယ်။

အဲဒီရေကစားမဏ္ဍပ်မှာ အရက်သေစာသောက်စားထားတဲ့ အရာရှိနဲ့ စစ်သည်တွေက ဝီစီတွေမှုတ်ကာ ကားတွေကိုရပ်တန့်စေပြီး မီးသတ်ပိုက် ရေပိုက်လုံးကြီးတွေနဲ့ ရေလောင်းနေကြတာကြောင့် သွားရောက်မေးမြန်းရာမှာ ရိုင်းပျဆဲဆိုခံခဲ့ရတာဖြစ်သလို ကိုယ်ထိလက်ရောက်ပါ ကျူးလွန်ခံခဲ့ရတယ်လို့ ကာယကံရှင်က တိုင်ကြားထားကြောင်း ပြောပါတယ်။

လောလောဆယ်တော့ တပ်မတော်ဘက်က ပြန်လည်ရှင်းလင်းချက်တွေ မရသေးဘူးလို့လည်း ပြောပါတယ်။

ဒီကိစ္စအပေါ် တပ်မတော်ဘက်ကလည်း  မြို့မိမြို့ဖအဖွဲ့ ဥက္ကဌ ဦးသာစိန်ကို ပြန်လည်တရားစွဲဆိုဖို့ သင့်၊ မသင့်ကို စဉ်းစားနေတယ်လို့ စစ်တွေမြို့မရဲစခန်းမှူး ဒုရဲမှူး ရန်နိုင်လတ် ကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။