မကွေးတိုင်း အစိုးရဟောင်း ကျပ် သန်း ၂၈ဝဝ လွှဲပေးခဲ့ခြင်း မရှိ


2016.05.31
phayzintun-622.jpeg ရာထူးကနုတ်ထွက်လိုက်တဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း ကို တွေ့ရစဉ်
.

မကွေးတိုင်းမှာရှိတဲ့ ရေနံလက်ယက်တွင်းလုပ်ငန်းရှင်တွေက မကွေးတိုင်းဒေသကြီးအစိုးရကို ပေးရတဲ့ ဒေသ ဖွံံ့ဖြိုးရေးငွေကျပ် ၂ ဒသမ ၈ ဘီလီယံ ကို အစိုးရဟောင်းက အစိုးရသစ်ထံ လွှဲပြောင်းခဲ့ခြင်းမရှိကြောင်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဖေဇင်ထွန်း က ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက ၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ၃နှစ်အတွင်း ရေနံတွင်း လုပ်ငန်းရှင်တွေ က ဒေသဖွံံ့ဖြိုးရေးအတွက် မကွေးတိုင်းအစိုးရဟောင်းထံ ပေးရတဲ့ ရန်ပုံငွေ ကျပ် ဘီလီယံ ၂ ဒသမ ၈ ဘီလီယံကို တိုင်းအစိုးရသစ်ထံ လွဲှပေးခဲ့တာ ရှိ မရှိ နဲ့ ဘယ်လိုဒေသဖံ့ွဖြိုးရေး လုပ်ငန်းတွေမှာ အဲ့ဒီရန်ပုံငွေတွေကို သုံးစွဲသလဲ ဆိုတာကို လွှတ်တော်မှာ မေးမြန်းခဲ့တာဖြစ်ပါတယ်။

မကွေးတိုင်း အစိုးရအဖွဲ့ကိုယ်စား လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ရှင်းလင်းဖြေကြားခဲ့တာဖြစ်ပါတယ်။

"ယခင်အစိုးရအဖွဲ့အနေဖြင့် ရန်ပုံငွေမည်မျှရရှိ၍ မည်ကဲ့သို့သုံးစွဲခဲ့သည်ကို ယခုအချိန်အထိ မသိရှိရသေးပါကြောင်း ယခင်မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂ဝ၁၁ ခုနှစ်က ၂ဝ၁၅ ခုနှစ်အထိ လုပ်ငန်းဆောင်ရွက်ချက်မှတ်တမ်းတွင် တစ်စုံတရာဖော်ပြထားခြင်း မရှိပါကြောင်းနဲ့ အဆိုပါရေနံ လက်ယက်တွင်းလုပ်ငန်းရှင်များက ဒေသဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေထည့်ဝင်ခဲ့သည့်ငွေကြေးနဲ့ စာရင်းဇယားတို့ကို လွှဲအပ်ခဲ့ခြင်းမရှိပါသဖြင့် အဆိုပါထည့်ဝင်ငွေများနဲ့ ပတ်သက်၍ မည်သည့်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းကိုမျှ ဆောင်ရွက်ပေးနိုင်မည် မဟုတ်ပါကြောင်း ဖြေကြားအပ်ပါသည်"

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ရေနံလက်ယက်တူးဖော်ခွင့်တွေ ချပေးရာမှာ ရန်ပုံငွေကောက်ခံတာ မရှိသလို ထွက်ရှိတဲ့ ရေနံစိမ်းပေါ်မှာ လည်း ကောက်ယူတာမရှိကြောင်း၊ သက်ဆိုင်ရာ တိုင်းအုပ်ချုပ်ရေးအဖွဲ့နဲ့ အခွန်ရုံးမှာသာ အခွန်ပေးရတာဖြစ်ကြောင်း၊ ဒေသဖံ့ွဖြိုးရေး ရန်ပုံငွေ ကောက်တယ်ဆိုတဲ့ကိစ္စဟာ မကွေးတိုင်း အစိုးရအဖွဲ့ဟောင်း ရဲ့ ဆောင်ရွက်ချက်သာ ဖြစ်ကြောင်း ဝန်ကြီး ဦးဖေဇင်ထွန်း က ရှင်းပြခဲ့ပါတယ်။

အဲ့ဒီဒေသဖံ့ွဖြိုးရေးရန်ပုံငွေတွေဟာ အများပိုင်ငွေတွေဖြစ်တဲ့အတွက် ဥပဒေနဲ့အညီ ဖြစ်စေဖို့ ကြပ်ကြပ်မတ်မတ်ဆောင်ရွက် ဖို့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးကို တိုက်တွန်းခဲ့ပါတယ်။

လွန်ခဲ့တဲ့၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ သုံးနှစ်တာကာလအတွင်း မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့က ရေနံလက်ယက်ရေနံတွင်း လုပ်ငန်းရှင်တွေ ထံက ဒေသဖွံ့ဖြိုးရေးရံပုံငွေ ကောက်ခံခဲ့တာရှိပြီး ခန့်မှန်းငွေကျပ် (၂.၈) ဘီလီယံခန့်ရှိနိုင်တယ်လို့ ပွင့်ဖြူမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းက ဒီနေ့ကျင်းပတဲ့လွှတ်တော်ထံ တင်ပြခဲ့ပါတယ်။

လက်ရှိအစိုးရအဖွဲ့အနေနဲ့ ဒီငွေတွေကို လွှဲပြောင်းလက်ခံရရှိထားတာမရှိဘူးလို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဖေဇင်ထွန်းက လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

RFA သတင်းထောက် မဝေမာထွန်းက စုစည်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။