မြေယာပြဿနာကို စက်တင် ဘာ နောက်ဆုံးထားဖြေရှင်းဖို့ အစိုးရကို လွှတ်တော်တိုက်တွန်း


2014.02.20
ushweman-305.jpeg ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ၂ဝ၁၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့က လွှတ်တော်တက်ရောက်လာစဉ်
photo: AFP

ပြည်ထောင်စု အစိုးရအဖွဲ့အနေနဲ့ လာမယ့် စက်တင်ဘာလကုန် နောက်ဆုံးထားပြီး လယ်ယာမြေ ပြဿနာတွေကို ဖြေရှင်းဆောင် ရွက်ရမယ်လို့ ပြည်ထောင်စု လွှတ်တော်က ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီလို လယ်ယာမြေ ပြဿနာတွေကို မဖြေရှင်းပေးနိုင်ဘူးဆိုရင်  ပြည်သူတွေက အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး မဏ္ဍိုင်တွေအပေါ်မှာ ယုံကြည်မှု အားနည်းသွားနိုင်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဒီနေ့ သတိပေးပြောကြားလိုက်ပါတယ်။

"တရားဝင်ပြေစာ အထောက်အထား ရှိပါသလားလို့ မေးလို့ရှိရင် အဲဒီလယ်သမားဆီမှာ ရှိချင်မှရှိမှာ၊ သူ့မြေမဟုတ်ဘူးလို့ မိမိတို့ဘက်က ဆုံဖြတ်ဆောင်ရွက်ပေးလိုက်မယ်ဆိုရင် မှားယွင်းတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်သွားနိုင်တယ်၊ ပြည်သူတွေ အများကြီးနစ်နာသွားမယ်၊ ပြည်သူတွေက ဒီအုပ်ချုပ်ရေးအဖွဲ့၊ ဒီအစိုးရအဖွဲ့ကို အထင်သေး အမြင်သေး ယုံကြည်မှုနည်းသွားပါမယ်"

လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာ အပိုင်း ၁၊ ၂၊ ၃ နဲ့ ပတ်သက်ပြီး အစိုးရက ဖြေရှင်းဆောင်ရွက်မှုကို အချိန်ကာလတစ်ခု တိတိကျကျသတ်မှတ်ပေးဖို့ စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင် ဦးစိုင်းထွန်းစိန်က ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပါတယ်။

လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းရေးကော်မရှင် အစီရင်ခံစာ အပိုင်း ၁၊ ၂၊ ၃ ပါ လယ်ယာမြေ အမှု ၇၀၀ ကျော်မှာ ၄၀၀ ကျော်ကို အစိုးရအနေနဲ့ ဖြေရှင်းပေးပြီးဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ရက်နေ့က လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်းက ပြည်ထောင်စုလွှတ်တော်မှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။ အစိုးရက ဖြေရှင်းပြီးတဲ့ လယ်ယာမြေအမှု ၄၀၀ ကျော်မှာ လယ်ယာမြေဧက နှစ်သိန်း သုံးသောင်းကျော် အကျုံးဝင်တယ်လို့ သိရပါတယ်။

အဲဒီ ရှင်းလင်းချက်တွေဟာ ပြည်စုံမှုမရှိကြောင်းနဲ့ လယ်ယာမြေအမှုတွေမှာ အစီရင်ခံစာနဲ့ ကွဲလွဲမှုတွေ ရှိနေတယ်ဆိုပြီး လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော်ရဲ့ ဒီနေ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ RFA သတင်းထောက် ကိုကျော်ဇောဝင်း သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။