ဦးစိန္တိတ ကို တပ်မတော် တရားစွဲဆိုမှု တရားရုံးပယ်ချ
2019.07.23
မန္တလေး ပြည်ကြီးတံခွန်မြို့နယ် မလိခဝါဆိုကျောင်းတိုက်က ဆရာတော် ဦးစိန္တိတ ကို တရားစွဲဆိုဖို့ တပ်မတော်က လျှောက်ထားခဲ့တဲ့အမှုကို မြို့နယ်တရားရုံးက ဒီကနေ့ ပယ်ချလိုက်ပါတယ်။
ဆရာတော်ဦးစိန္တိတဟာ Facebook လူမှုကွန်ရက်မှာ တပ်မတော်ကို အကြည်ညိုပျက်အောင် ရေးသားတဲ့အတွက် အရေးယူပေးဖို့ဆိုပြီး ဒုဗိုလ်မှူးကြီး သန့်ဇော်ဦးက တိုင်တန်းထားတာ ဖြစ်ပါတယ်။
ရဲစခန်းတိုင်ကြားချက်နဲ့ လာတာမဟုတ်ဘဲ၊ ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်မပါရှိတာကြောင့် အခုလို ပယ်ချလိုက် တာဖြစ်တယ်လို့ ပြည်ကြီးတံခွန်မြို့နယ်တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဦးအောင်ကျော်ဦး က ပြောပါတယ်။
“လူမှုကွန်ယက်မှာ ဖော်ပြတဲ့အတွက်ကြောင့် ဆက်သွယ်ရေး ဥပဒေနဲ့ပဲ တရားစွဲလို့ရမယ်လို့ ပေါ်ပေါက်တယ်၊ ၆၆ မှာက ရဲစခန်းအရေးပိုင်လို့ ရဲကိုတိုင်ရမယ်။ သက်ဆိုင်ရာ ပို့ဆက်ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်မပါဘူး၊ ဒါကို ရှင်းပြလိုက်ပါတယ်။“
ဒီကနေ့ရုံးချိန်းကို တရာလိုပြုလုပ်သူဖြစ်တဲ့ တပ်မတော်ဘက်ကလည်း ဒုဗိုလ်မှူးကြီး သန့်ဇော်ဦး လည်း လာရောက်ခဲ့ပါတယ်။
တရားရုံးက အမှုကို ပလပ်လိုက်တဲ့အပေါ် ဒုဗိုလ်မှူးကြီး သန့်ဇော်ဦး က အခုလိုပြောပါတယ်။
“ဘာမှတော့ ပြောစရာမရှိပါဘူး၊ တရားဥပဒေ ဆုံးဖြတ်ချက်အတိုင်းပါပဲ၊ လက်ရှိတော့ ဘာမှမပြောနိုင်သေးပါဘူး”
တပ်မတော်သားတစ်ယောက်က တရားစွဲဆိုထားတဲ့အမှုကို ပလပ်လိုက်တာနဲ့ ပတ်သက်ပြီး ဆရာတော် ဦးစိန္တိတ ကလည်း အခုလိုမိန့်ပါတယ်။
“ကောင်းစေချင်လို့ ဝေဖန်ထောက်ပြခဲ့တာပါ။ နစ်နာစေဆိုတဲ့ စိတ်မရှိခဲ့ပါဘူး၊ ဦးဇင်းတို့ကတော့ ပြောမြဲ အတိုင်းပြောမယ်၊ ရေးမြဲအတိုင်းရေးနေတာပဲ၊ တိုင်းပြည်လည်းကောင်းစေချင်တယ်။ စစ်တပ်ကိုလည်း ကောင်းစေချင်တယ်လေ ၊ အပြုသဘောနဲ့ လက်ခံပေးဖို့ပါ၊ ဝေဖန်မှုတွေ လက်ခံပေးနိုင်မှ လူထုရဲ့ ယုံကြည်မှုကိုရရှိမှာလေ”
ဆရာတော် ဦးစိန္တိတအပြင် ဘဝအလင်းဆရာတော် ဦးသောဘိတကိုလည်း တပ်မတော်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲဆိုတာတွေရှိခဲ့ပြီး အခုလိုပဲ အမရပူရမြို့နယ် တရားရုံးက အမှုကို ပလပ်ခဲ့ပါတယ်။
(RFA သတင်းထောက် မခေမဏီဝင်း ပေးပို့သည်)