ဖဲ့ွစည်းပုံပြင်ဆင်ရေး အစီရင်ခံစာ ပယ်ဖျက်ဖို့ ကြံ့ခိုင်ရေးပါတီ ဆွေးနွေး
2019.08.01

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အစီရင်ခံစာဟာ ဥပဒေနဲ့မညီဘဲ ရေးထားတာဖြစ်လို့ ပယ်ဖျက်ဖို့ ကြံ့ခိုင်ဖံ့ွဖြိုးရေး ပါတီ က ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအစီရင်ခံစာကို ဒီကနေ့ ဆွေးနွေးရာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၁၄ ဦး၊ အင်န်အယ်လ်ဒီပါတီက လေးဦး၊ ရခိုင်အမျိုးသားပါတီက နှစ်ဦး၊ SNLD ပါတီက တဦးအပါအဝင် ကိုယ်စား လှယ် ၂၄ ဦး ဆွေးနွေးခဲ့ကြတာပါ။
အဲဒီလိုဆွေးနွေးရာမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးကို လက်တေ့ွကျကျဆောင်ရွက်ဖို့ တိုင်းရင်းသားကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ပြီး ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးသောင်းအေးက ဒီအစီရင်ခံစာဟာ ဖွဲ့စည်းပုံ အခန်း ၁၂ ပါပြဌာန်းချက်နဲ့မညီဘဲ ရေးထားတာဖြစ်လို့ ပယ်ဖျက်ပြီး ဥပဒေနဲ့အညီ ပြန်လည်ညှိနှိုင်းဆောင်ရွက်သင့်တယ်လို့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
တသီးပုဂ္ဂလကိုယ်စားလှယ်ဖြစ်တဲ့ သမ္မတရုံးဝန်ကြီးဟောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက ဖယ်ဒရယ်စနစ် ဖော်ဆောင်နိုင်ရေးကို လွှတ်တော်ကနေ ရဲရဲဝင့်ဝင့်လုပ်ဆောင်ဖို့ တိုက်တွန်းဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို အခန်း ၁၂ ပါပြဌာန်းချက်အတိုင်းသာ လုပ်ဖို့လည်း ဦးစိုးသိန်းက ပြောပါတယ်။
လက်ရှိအာဏာရ အင်န်အယ်လ်ဒီပါတီဟာ ပူးပေါင်းကော်မတီအစီရင်ခံစာမှာ နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ အခန်းကလွဲလို့ ကျန်တဲ့ ကဏ္ဍအကုန်လုံးမှာ ပြင်ဆင် ဖြည့်စွက် ပယ်ဖျက်ဖို့ တင်သွင်းထားပေမယ့် တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ ခန့်အပ်တာနဲ့ဆိုင်တဲ့ ပုဒ်မ ၂၆၁ တော့ ပါဝင်ခြင်းမရှိပါဘူး။
တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ ခန့်အပ်တဲ့ ပုဒ်မ ၂၆၁ ကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီနဲ့ တပ်မတော်သားတွေက တင်ထားပေမယ့် သီးခြားဆွေးနွေးခွင့်မရဘဲ ၄၅ ဦး ကော်မတီမှာသာ ပူးပေါင်းဆွေးနွေးဖို့ လွှတ်တော်က မဲခွဲဆုံးဖြတ်ထားတာဖြစ်ပါတယ်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးက ဖွဲ့စည်းပုံအခြေခံဥပဒေကို တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ အာဏာရ NLD ပါတီ ကိုယ်စားလှယ်တွေအနေနဲ့ လက်တွေ့ကျကျပြင်ဆင်ဖို့ တိုက်တွန်းဆွေးနွေးခဲ့ပါတယ်။
ရခိုင်အမျိုးသားပါတီကိုယ်စားလှယ် ဦးဖေသန်းက ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးရာမှာ တစ်ဘက်နဲ့တစ်ဘက် ဝေဖန်ပုတ်ခတ်ပြီး မဲဆွယ်တဲ့ အခြေအနေဖြစ်သွားမှာကို စိုးရိမ်တယ်လို့ ပြောပါတယ်။
ရခိုင်အမျိုးသားပါတီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအစီရင်ခံစာမှာ တပ်မတော်သား ကိုယ်စားလှယ်တွေ ပယ်ဖျက်ဖို့ အပါအဝင် အချက်ပေါင်း ၈၅၈ ချက် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ဖို့ တင်သွင်းထားတဲ့ ပါတီဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD က ၁၁၁၂ ချက်ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ဖို့ တင်ပြထားတာလည်းဖြစ်ပါတယ်။
ဒီအစီရင်ခံကို ဇူလိုင် ၃၀ ရက်နေ့က ကိုယ်စားလှယ် ၁၇ ဦး၊ ဒီနေ့ ၂၄ ဦး စုစုပေါင်း ၄၁ ဦးဆွေးနွေးခဲ့ပြီး ဒီဆွေးနွေး ချက်တွေနဲ့ ပတ်သက်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီက ပြန်လည်ရှင်းလင်းပြီးနောက် လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို မကြာမီရယူမှာဖြစ်ပါတယ်။
(RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့သည်)