ပြည်ခိုင်ဖြိုးပါတီ မပြိုကွဲနိုင်ကြောင်း ရှင်းလင်းပြောကြား
2015.05.29

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာ သဘောထားမတူတာကြောင့် နှုတ်ထွက်သူတွေ ရှိကောင်းရှိနိုင်ပေမယ့် ပါတီအနေနဲ့ ပြိုကွဲမှာ မဟုတ်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးသိမ်းဆွေက ဒီနေ့ သတင်းထောက်တွေကို ပြောပါတယ်။
ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ၂ဝ၁၅ ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေမှုအခြေအနေကို ရှင်းလင်းတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပါတီတွင်းအကွဲအပြဲတွေ ရှိနေတယ်ဆိုတဲ့ ပြောဆိုဝေဖန်မှုတွေ ထွက်ပေါ်တာကို ဦးသိမ်းဆွေက အခုလို တုံ့ပြန်ပြောဆိုခဲ့တာဖြစ်ပါတယ်။
"ကျနော်တို့ သမိုင်းကိုပြန်ကြည့်မယ်ဆိုရင် လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာ ကျနော်တို့ အာဏာရပါတီရော အတိုက်အခံပါတီရော ကွဲကြတဲ့တဲ့အတွက် အဲ့ဒီကွဲပုံမူတည်ပြီးမှ ကျနော်တို့ရဲ့ ပြည်တွင်းသောင်းကျန်းမှုတွေလည်း ပယ်ချခံထားရတာဖြစ်တဲ့အတွက် ကျနော်တို့ပါတီကိုတော့ မည်သည့်နည်းနဲ့မျှ အကွဲအပျက်မခံနိုင်ပါဘူး၊ သို့ရာတွင် ဒီမိုကရေစီသဘောထားအရ အဖက်ဖက်ကလည်းရှိနိုင်တယ်၊ ကျနော်တို့ သူ့သဘောထားနဲ့ မကိုက်ညီတာတွေ ကိုယ်ကျိုးစီးပွားနဲ့ နှိုင်းယှဉ်တာတွေရှိတာမျိုးတော့ ပါတီကတချို့ပုဂ္ဂိုလ်တွေ တချို့အပိုင်းတွေ ဒါသဘောထား မတိုက်ဆိုင်တဲ့လူကိုတော့ ပယ်ကောင်းပယ်သွားနိုင်ပါတယ်၊ ကျနော်တို့ပါတီ ကွဲစရာ အကြောင်းမရှိပါဘူး၊ ကွဲဖို့လည်း အစီအစဉ်မရှိပါဘူး၊ မကွဲနိုင်အောင်လည်း အားလုံးက တာဝန်ရှိတဲ့လူများက ကြိုးပမ်းပြီးတော့မှ ထိန်းသိမ်းဆောင်ရွက်လျှက်လည်း ရှိပါတယ်ဆိုတာကို ကျနော်တို့ ရှင်းလင်းတင်ပြတာပါ"
ဒါ့အပြင် လာမယ့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲမှာ တပ်မတော်က ထိပ်တန်းခေါင်းဆောင်တွေနဲ့ တပ်မတော်အရာရှိ ၁ဝဝ လောက်က ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီကနေ ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ သတင်းဟာ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။
မနက်ဖြန်မှာစတင်ကျင်းပမယ့် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီအစည်းအဝေးမှာ ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲအတွက် ပါတီကလျာထားမယ့် သမ္မတလောင်းနဲ့ ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ် မှာဖြစ်ပါတယ်။
ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအောင်သောင်းကို RFA ဝိုင်းတော်သူ မသင်းသီရီ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။