ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်လို့ တပ်မတော်အပေါ် NLD သုံးသပ်ချက် လွဲမှားတယ်လို့ ကြံ့ခိုင်ရေးပြော
2019.02.25

ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆောင်ရွက်ချက်ကို တပ်မတော်က မကန့်ကွက်ဘဲ အခုချိန်မှာ NLD ပါတီကိုတော့ ကန့်ကွက်တယ်လို့ မနေ့က NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေ ပြောကြားချက်ဟာ လွဲမှားတဲ့သုံးသပ်ချက်ဖြစ်ပြီး ပြည်သူကို မှိုင်းတိုက်မှုသာ ဖြစ်တယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့် က ဒီနေ့ ပြောလိုက်ပါတယ်။
ဒီနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးရဲ့ မေးမြန်းချက်ကို ဒေါက်တာ နန္ဒာလှမြင့်က ဖြေကြားခဲ့တာဖြစ်ပါတယ်။
ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီဘက်က ဒီလိုတုံ့ပြန်လိုက်တာနဲ့ ပတ်သက်ပြီး NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်ကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ ပါတီအနေနဲ့ အရင်ဖြစ်ရပ်တွေကို ထောက်ပြတာသာဖြစ်ပြီး ပြည်သူကို မှိုင်းတိုက်တာမျိုး မလုပ်ဘူးလို့ ဖြေကြားခဲ့ပါတယ်။
မနေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ NLD ပါတီ သတင်းစာရှင်းလင်းပွဲမှာ ပါတီ ဒုတိယ ဥက္ကဋ္ဌ တစ်ဦးဖြစ်တဲ့ ဒေါက်တာ ဇော်မြင့်မောင်က ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ခဲ့စဉ်မှာ တပ်မတော်က ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့ မညီဘူးဆိုပြီး ဘာကြောင့်မကန့်ကွက်ခဲ့ဘဲ အခုမှ ဘာကြောင့်ကန့်ကွက်တာလဲလို့ ပြောခဲ့တာဖြစ်ပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ တပ်မတော်အစိုးရက မွေးဖွားပေးလိုက်တဲ့ ပါတီ ဖြစ်ပေမယ့် စစ်တပ်ခိုင်းတာလုပ်တဲ့ ပါတီ မဟုတ်ဘူးလို့ ဒေါက်တာ နန္ဒာလှမြင့် က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒါ့အပြင် တပ်မတော်ကလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ခိုင်းစေမှုတွေကို လိုက်လံလုပ်ဆောင်တာလည်း မရှိဘူးလို့ ဆိုပါတယ်။
အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးနဲ့ ပြည်ထောင်စု မပြိုကွဲရေးကိစ္စတွေမှာ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေ အမြင်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ အမြင်တွေ တူညီတာကြောင့် နှစ်ဖက်ရပ်တည်ချက်တွေ တူတာတွေရှိပေမယ့် ဒါတွေဟာ တိုင်ပင်ထားတာမဟုတ်ဘူးလို့လည်း ပြောပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို သဘောတူပြီး ပါတီကိုယ်တိုင်ကလည်း ပြင်ဆင်ရေးအတွက် ကြိုးစားနေတာကြောင့် ကန့်ကွက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ မဟုတ်မှန်ဘူးလို့ ပါတီပြောရေးဆိုခွင့်ရှိသူ တွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
နိုင်ငံသားအားလုံး၊ နိုင်ငံရေးပါတီအားလုံးနဲ့ ဆိုင်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ကြိုတင်ညှိနှိုင်းတိုင်ပင်မှုမရှိဘဲ ရုတ်တရက် လွှတ်တော်မှာ အရေးကြီး အဆိုတင်သွင်းပြီး ဥပဒေနဲ့မညီတဲ့ ကော်မတီဖွဲ့စည်းလိုက်တာကိုသာ ကန့်ကွက်တာဖြစ်တယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် တပ်မတော်နဲ့ ကြံ့ခိုင်ဖြိုးရေးပါတီက ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ကန့်ကွက်တာမရှိဘဲ တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ အခြေခံဥပဒေပြင်ဆင်ရေးအတွက် စတေကာ ကမ်းပိန်းနဲ့ ဆွေးနွေးပွဲတွေ လုပ်ဆောင်နေတာဟာ နိုင်ငံရေးအရ ရိုးသားမှုမရှိဘူးလို့လည်း NLD ပါတီအပေါ် စွပ်စွဲပြစ်တင်လိုက်ပါတယ်။
"ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို ဘယ်လိုကာကွယ်မလဲလို့ စဉ်းစားနေရတဲ့အချိန်မှာ ပြည်သူကို လမ်းပေါ်ဆွဲတင်ပြီး အခြေခံဥပဒေပြင်ဆင်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ စလုပ် လာတာဟာ ရိုးသားတဲ့လုပ်ရပ် မဟုတ်ဘူးလို့ ပြောချင်တယ်။ ဒီနေ့ပြည်သူလူထုထဲမှာ ထင်ယောင် ထင်မှားနဲ့ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးက အခြေခံဥပဒေပြင်ဆင်ရေးကို ကန့်လန့်တိုက်နေတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ တချို့တာဝန်ရှိသူတွေက စကားလုံးတွေကို မဆင်မခြင် ပြောဆိုလာတယ်။ နိုင်ငံရေးမှာ ရိုးသားဖို့လိုတယ်။ မိမိပါတီ အောင်နိုင်ရေးအတွက် နိုင်ငံရေးကစားကွက်ဖော်တာ အောက်တန်းကျတဲ့ နိုင်ငံရေးပဲလို့ ပြောချင်တယ်"
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒလှမြင့်က ပြောတာကို ကြားခဲ့ရတာပါ။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ အပြင် အခြားသော ပြင်ဆင်သင့်ပြင်ဆင်ထိုက်တဲ့ ပုဒ်မတွေကိုလည်း ပြင်ဆင်နိုင်ရေးဆောင်ရွက်နေပြီး သင့်တော်တဲ့ အချိန်မှာ တစ်ခုချင်းစီ ပြင်ဆင်မယ်လို့ ဆိုပါတယ်။
ပြည်သူတွေကို ဝါဒမှိုင်းတိုက်ပြီး လမ်းပေါ်စွဲတင်တယ်ဆိုတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ပြောဆိုမှုအပေါ် NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က အခုလို တုန့်ပြန်ပါတယ်။
"မဟုတ်ပါဘူး။ ကျွန်တော်တို့က ရှေးအစဉ်အလာရှိတယ်။ အဲဒီအစဉ်အလာနဲ့ အခုကန့်ကွက်တာက ရှေ့ နောက်မညီတာကို ပြောတာပါ။ အဖြစ်အပျက်ကို ရှင်းပြတာကလွဲရင် မှိုင်းတိုက်တဲ့ သဘောလုံးဝ မရှိ ပါဘူး။ ကျွန်တော်တို့ရဲ့ လုပ်ရပ်တွေဟာ အင်မတန်ကို အရိုးသားဆုံး လုပ်နေတာပါ။ ကျွန်တော်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်သည်ဖြစ်စေ တရားဥပဒေလမ်းကြောင်းအတိုင်း ရိုးသားတဲ့နည်းများသုံးပြီး ဘယ်တော့မှ အကြမ်းမဖက်တဲ့နည်းပဲ သုံးပါမယ်။ ဘယ်တော့မှပြည်သူကို လမ်းပေါ်ဆွဲတင်မှာ မဟုတ်ပါဘူး"
ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေက လွှတ်တော်တွင်းမှာ တပ်မတော်က ၂၅ ရာခိုင်နှုန်း နေရာယူထားဆဲ ဖြစ်တဲ့အပေါ် ကြံ့ခိုင်ရေးပါတီရဲ့ သဘောထားဘယ်လိုရှိလဲလို့ မေးမြန်းရာမှာ ပါတီရဲ့ ပြောရေး ဆိုခွင့်ရှိသူလည်းဖြစ်၊ လက်ရှိ လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သလို တပ်မတော်အရာရှိဟောင်းလည်း ဖြစ်တဲ့ ဦးသောင်းအေး ပြောတာက---
"ကျွန်တော်တို့ ရာခိုင်နှုန်း ၂၅ ရပ်တည်နေတာဟာ ဘယ်ပြည်သူ၊ ဘယ်ပုဂ္ဂိုလ်တွေအတွက်များ ထိခိုက် နေလို့လဲ။ ပြီးခဲ့တဲ့ ၂၀၁၀ ကော ခု ၂၀၁၅ ကော လွှတ်တော်ရဲ့ လှုပ်ရှားမှုတွေကြည့်ရင် တပ်မတော်ရဲ့ ၂၅ ရာခိုင်နှုန်းပါနေတာဟာ ပြည်ထောင်စု မပြိုကွဲဖို့၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲဖို့ ၊ အချုပ်အခြာ တည်တံခိုင်မြဲဖို့ ရပ်တည်နေတာဖြစ်တယ်"
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနိုင်ရမယ်ဆိုရင် လက်ရှိ နိုင်ငံ အခြေအနေထက် ပိုမိုကောင်းမွန်တဲ့ အခြေအနေကို လုပ်ဆောင်ပေးမှာဖြစ်တယ်လို့လည်း ပါတီခေါင်းဆောင်တွေက ပြောခဲ့ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲကိုလည်း ဂုဏ်သိက္ခာရှိတဲ့ အနိုင်ရယူမှုဖြစ်အောင် ဆောင်ရွက်မယ်လို့ ပြောပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို သူခိုးပါတီလို့ စွပ်စွဲချက်တွေ ရှိနေကြောင်းနဲ့ ဒီအပေါ်မှာ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ ဦးသိန်းထွန်းဦး က
"ကျွန်တော်တို့ ဘယ်လောက်ကောင်းတာတွေလုပ်လုပ် အမျိုးမျိုး စွပ်စွဲတယ်။ အဆိုးဆုံးက သူခိုးပါတီ၊ ဘာပါတီစွပ်စွဲတာ။ သူခိုးပါတီလို့ ပြောနေတဲ့သူတွေ ကျွန်တော်တို့ ဘာခိုးထားလဲ။ တစ်ဦးတစ်ယောက် ချင်းစီကို ထောက်ပါ ရှိတဲ့ပုဒ်မနဲ့ တရားစွဲပါ။ လက်ရှိတာဝန်ယူနေတဲ့ ပုဂ္ဂိုလ်တွေကော ဘယ်လောက် သန့်သန့်ရှင်းရှင်း လုပ်နေလဲ။ ပြည်သူက ဆိုင်းဘုတ်ထောင်ပြီး ဖြုတ်ချပေးပါလို့ ပြောတဲ့သူတွေကော ဒီနေ့ဖြုတ်ချပြီလား"
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေဟာ လတ်တလောမှာ သူရဦးရွှေမန်းရဲ့ ပါတီကို ကူးပြောင်းနေကြတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး သတင်းထောက်တစ်ဦးက မေးမြန်းရာမှာတော့ တရားဝင်နုတ်ထွက်သွားသူ တစ်ယောက်မှ မရှိသေးကြောင်းနဲ့ သူရဦးရွှေမန်း ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မရှင်မှာ ပါသွားသူတွေသာ ကူးပြောင်းတာဖြစ်ကြောင်း ပြောခဲ့ပါတယ်ရှင်။
ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်းနဲ့ ကိုအောင်သိင်္ခ တို့ ပေးပို့တာပါ။