ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးမှာ ဆက်လက်ဦးဆောင်နိုင်ရေး သူရဦးရွှေမန်း တိုက်တွန်း
2015.01.16

လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အလွန် ကာလမှာ နိုင်ငံရေးဦးဆောင်မှု ဆက်လက်ရရှိဖို့အတွက် ကြိုးစားဆောင်ရွက်ကြဖို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ သူရဦးရွှေမန်းက ဗဟိုကော်မတီ ဝင်တွေကို ဒီနေ့ တိုက်တွန်း ပြောကြားလိုက်ပါတယ်။
နေပြည်တော် ပါတီဗဟိုဌာနချုပ်မှာကျင်းပတဲ့ တတိယအကြိမ်မြောက် ဗဟိုကော်မတီဝင် အစည်းအဝေးမှာ သူရဦးရွှေမန်းက အခုလို ထည့်သွင်းပြောကြားလိုက်တာဖြစ်ပါတယ်။
"ယခုအခါ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဟာ မြန်မာ့နိုင်ငံရေးဇတ်ခုံပေါ်မှာ ဦးဆောင် လှုပ်ရှားနေတဲ့ပါတီအဖြစ် ရပ်တည်လျှက်ရှိပါတယ်၊ ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ ဗဟိုကော်မတီဝင်များအပါအဝင် လူငယ်အားလုံး ညီညွှတ်တူညီစွာဖြင့် နိုင်ငံရေးဦးဆောင်မှုရယူနိုင်ရန် အစွမ်းကုန် ကြိုးပမ်းအားထုတ်ရမယ့်အချိန်ဖြစ်ပါတယ်၊ အဲတော့ ၂ဝ၁၅ ရွေးကောက်ပွဲမှာ မိမိတို့ပါတီနိုင်ရေး၊ ၂ဝ၁၅ ခုနှစ်တွင် နိုင်ငံရေးဦးဆောင်မှုရယူနိုင်ရန် ဖိဖိစီးစီးညီညီညွှတ်ညွှတ်ဖြင့် ပါတီအောင်နိုင်ရေးသည် အဓိက၊ ပါတီအောင်နိုင်ရေးသည် ပဓါနမှတ်ယူပြီး အင်တိုက်အားတိုက်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်"
ဒါ့အပြင် ၂၀၁၅ ရွေးကောက်ပွဲဟာ နိုင်ငံရေးပါတီအသီးသီးက အကြိတ်အနယ်ယှဉ်ပြိုင်ရမယ့် ရွေးကောက် ပွဲ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ပါတီဝင်တွေအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ ပြည်သူတွေ လိုလားနှစ်ခြိုက်ထောက်ခံလာအောင် ကြိုးပမ်းကြဖို့၊ တရားမျှတတဲ့ အောင်နိုင်ရေးစိတ်ဓာတ်နဲ့ လှုပ်ရှားဆောင်ရွက်ကြဖို့လည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။
သူရဦးရွှေမန်းက အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတို့ဟာ နိုင်ငံအတွက် ရင်ဆိုင်ကျော်လွှားရမယ့် စိန်ခေါ်မှုတွေဖြစ်တယ် လို့လည်း ပြောပါတယ်။