ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီကို ဖျက်သိမ်း
2018.01.07
သမ္မတဟောင်း ဦးသိန်းစိန်ဦးဆောင်တဲ့ ပါတီဗဟိုဦးဆောင်ကော်မတီကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးမှာ ဖျက်သိမ်းလိုက်ပြီဖြစ်တယ်လို့ ပါတီရဲ့ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ဒီနေ့ ပြောပါတယ်။
သမ္မတဟောင်းဦးသိန်းစိန်ရဲ့ လမ်းညွှန်ချက်အရ ဗဟိုဦးဆောင်ကော်မတီကို ဖျက်သိမ်းလိုက်တာဖြစ်တယ် လို့ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။
"လူငယ်မျိုးဆက်သစ်တွေအနေနဲ့ လွတ်လွတ်လပ်လပ် လုပ်ကြတော့။ သူတို့အနေနဲ့ကတော့ အသက်အရွယ်အရ၊ ကျန်းမာရေးအရ သူတို့အနားယူချင်တယ်။ အဲဒီအတွက် ဒုတိယမျိုးဆက်တွေအနေနဲ့ ဆက်လက်ပြီးတော့ ပါတီနဲ့ တိုင်းပြည်အတွက် အလုပ်လုပ်ကြပါ။ သူတို့လူကြီးတွေကတော့ ဗဟိုဦးဆောင်ကော်မတီကို ဖျက်သိမ်းပြီး ပါတီဝင်အနေနဲ့ ပါတီကို ဆက်လက်ပြီးတော့ ဝန်းရံသွားမယ်။ အားပေးသွားမယ်။ အကြံဉာဏ်တွေ ပေးသွားမယ် ဆိုပြီးတော့မှ သမ္မတကြီးက လမ်းညွှန်တာပေါ့။ သမ္မတကြီးနဲ့ လူကြီးတွေရဲ့ ဆန္ဒအရပဲ ကျနော်တို့က ၂၇ ရက် ၁၂ လ ၂၀၁၇ မှာ ကျနော်တို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးမှာ လူကြီးပိုင်းရဲ့ ဆန္ဒနဲ့ လမ်းညွှန်ချက်အရ ကျနော်တို့ အဲဒီအစည်းအဝေးမှာပဲ မှတ်တမ်းတင်ပြီးတော့မှ ဗဟိုဦးဆောင်ကော်မတီကို ဖျက်သိမ်းလိုက်တာပါ"
ဖျက်သိမ်းလိုက်တဲ့ ဗဟိုဦးဆောင်ကော်မတီမှာ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ ဦးဌေးဦး၊ သူရဦးအေးမြင့်၊ ဦးလွန်းသီ၊ ဦးသောင်း၊ ဦးစိုးသာ၊ သူရဦးမြင့်မောင်၊ ဦးခင်အောင်မြင့်၊ ဦးတင်ထွဋ် စတဲ့ တပ်မတော်အစိုးရလက်ထက်နဲ့ ပြီးခဲ့တဲ့ အစိုးရလက်ထက်က အကြီးအကဲအချို့ ပါဝင်တာဖြစ်ပါတယ်။
အဲဒီ ဗဟိုဦးဆောင်ကော်မတီကို ၂၀၁၆ ခုနှစ်က ကျင်းပခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဒုတိယအကြိမ်ညီလာခံမှာ ရွေးချယ်တင်မြှောက်ခဲ့တာဖြစ်ပါတယ်။
အရင်က လက်ရှိ ဥက္ကဌ ဦးသန်းဌေးနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ပါတီရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို ဗဟိုဦးဆောင်ကော်မတီကို ၆ လတစ်ကြိမ် ရှင်းလင်းတင်ပြခဲ့ပြီး ဦးဆောင်ကော်မတီက အကြံဉာဏ်ပေးတာတွေ ရှိတယ်လို့ ဒေါက်တာ နန္ဒာလှမြင့် က ပြောပါတယ်။